၆ ဖေဖော်ဝါရီ

တကယ်လို့အစာစားပြီးတိုင်း ပြည့်အင့်သလိုဖြစ်နေမယ်ဆိုရင် အစာမကြေခြင်း ခံစားနေတာဖြစ်နိုင်ပါတယ်။ အစားစားပြီးတဲ့အခါ တစ်ခုခုသောက်ပြီးတဲ့အခါမှာ လေပွခြင်း၊ ပျို့ခြင်း၊ အန်ခြင်းနဲ့တကွ ဝမ်းဗိုက်အပေါ်ပိုင်းမှာ နာကျင်လာတတ်တယ်။ တစ်ခါတစ်လေမှာတော့ နာရီအနည်းငယ်အတွင်း ကောင်းသွားတတ်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေပိုကြာတတ်ပြီး နေရထိုင်ရ မသက်မသာဖြစ်စေတယ်။

ကုသနည်းတွေကိုကြည့်လိုက်ရအောင်-

ကျန်းမာရေးညီညွတ်သော ကိုယ်အလေးချိန်ကိုထိန်းထားပါ

အစာမကြေခြင်းဟာ အူမှအစာအိမ်ထဲသို့ပြန်ဆန်တက်လာတဲ့ အက်စစ်တွေကြောင့်ဖြစ်တယ်။ အူကိုပိုက်လုံးတစ်ခုလိုမြင်ကြည့်ပါ။ အလေးချိန်များနေတဲ့အခါ ပိုနေတဲ့အဆီတွေက အူကိုဖိပြီး ထိုအူထဲမှ အက်စစ်တွေကို အစာအိမ်ထဲကိုပြန်ဆန်တက်စေပါတယ်။ ကျန်းကျန်းမာမာ၊ ထိထိရောက်ရောက် အလေးချိန်ချတဲ့နည်းတွေအများကြီးရှိပါတယ်။ မိမိနဲ့သင့်တော်မယ့် ဝိတ်ချနည်းကို ဆရာဝန်နဲ့ တိုင်ပင်ကြည့်နိုင်တယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ကျန်းမာရေးညီညွတ်မျှတသော အစာစားခြင်းက အကောင်းဆုံးအလေးချိန်ချနည်းဖြစ်တယ်လို့ ဆိုကြပါတယ်။

ဆေးလိပ်ချက်ခြင်းဖြတ်ပါ။

ဆေးလိပ်သောက်ခြင်းဟာ မရေတွက်နိုင်သော ကျန်းမာရေးပြသနာတွေဖြစ်စေပြီး အစာမကြေခြင်းဟာလည်း ထိုထဲမှာ တစ်ခုအပါအဝင်ဖြစ်တယ်။ ဆေးလိပ်မှာပါတဲ့ ကယ်မီကယ်တွေက အစာမျိုပြွန်ကြွက်သားတွေကို အားနည်းစေပြီး အစာအိမ်မှအက်စစ်များ ပြန်မတက်အောင်တားထားတဲ့ ရှုံ့ကြွက်သားကိုလည်း အားလျော့စေတယ်။ ထိုအခါ အစာများ၊ အက်စစ်များ အလွယ်တကူ ပြန်ဆန်တက်ကုန်ပါတယ်။

စားသောက်မှုပုံစံပြောင်းလဲ၊ အရက်လျှော့သောက်ပါ။

အစာမကြေခြင်းဟာ အစားအစာတချို့ကြောင့်လည်းဖြစ်နိုင်တယ်။
 အစာမကြေခြင်းပိုဆိုးစေပုံပေါ်တဲ့ အစားအစာ၊ သောက်စရာတို့ကိုမှတ်ထားပြီး တတ်နိုင်သမျှရှောင်သင့်ပါတယ်။ များသောအားဖြင့်

•    အဆီများသောအစာ၊ စပ်သောအစာများ
•    ကဖိန်းများသော ကိုကာ၊ ကော်ဖီ၊ လက်ဖက်ရည် စသည်
•    အယ်လ်ကိုဟော

ဒါ့အပြင် အိပ်ခါနီးစားခြင်းလည်းရှောင်ပါ။

သင့်အူဟာပိုက်လုံးတစ်ခုလိုဖြစ်နေမယ်ဆိုရင် လှဲနေတဲ့အခါမှာ အူထဲရှိအရာများပြန်ဆန်တက်ဖို့ လွယ်သွားပါတယ်။ အထူးသဖြင့် ဆေးလိပ်သောက်ခြင်းနဲ့ တခြားအချက်တွေကြောင့် အစာမျိုပြွန်အားနည်းနေရင်ပေါ့။ ဆရာဝန်တွေက မအိပ်ခင် ၃၊ ၄ နာရီခန့်ကတည်းက မစားတော့ဖို့ အကြံပြုထားပါတယ်။

လည်ပင်းမှာခေါင်းအုံးခုအိပ်ခြင်းဟာ ကြောရိုးအတွက်ကောင်းရုံမကဘဲ၊ အက်စစ်များပြန်ဆန် တက်ခြင်းကိုလည်း လျှော့ချပေးပါတယ်။ လည်ပင်းအောက်မှာ ပြေလျောတဲ့ခေါင်းအုံး တစ်လုံးထားခြင်းဟာ အိပ်နေစဉ် အစာမျိုပြွန်ထဲကိုအက်စစ်များ ပြန်ဆန်တက်ခြင်းကို တားဆီးပေးပါတယ်။

စိတ်ဖိစီးမှု၊ ပူပန်မှုများလျှော့ပါ။

ဦးနှောက်နဲ့အစာအိမ်ဆက်နေတယ်လို့တောင် ဆိုတတ်ကြပါတယ်။ စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေကို အစာအိမ်က အရမ်းသိလွယ်ပါတယ်။ စိတ်ဖိစီးမှု၊ ပူပန်မှုတို့ဖြစ်နေရင် အစာမကြေဖြစ်လာတတ်တယ်။ အလုပ်များကိုအိမ်သို့ သယ်မသွားဘဲ၊ ချစ်ခင်ရသူတွေနဲ့ လမ်းလျှောက်တာ၊ လျှောက်သွားတာမျိုး လုပ်ပေးသင့်ပါတယ်။

လက်ရှိဆေးများပြောင်းလဲပါ။

တခါတလေမှာ ဆေးတချို့ကြောင့် အစာမကြေရတာလည်းဖြစ်နိုင်တယ်။ ဒီလိုဆိုရင်တော့ ဆရာဝန်က ဆေးပြောင်းဖို့အကြံပေးပါလိမ့်မယ်။ ဥပမာ aspirin, ibuprofen. ဒါပေမယ့် ဆရာဝန်နဲ့အရင်တိုင်ပင်ပါ။

ချက်ခြင်းသက်သာစေနည်း

အမှာစကားတစ်ခုခုပြောခါနီးမှာ လိပ်ပြာတွေပျံနေသလို အစာအိမ်ထဲမှာခလောက်ဆန်နေတယ်ဆိုပါစို့၊ ဒီလိုအချိန်မှာ ချက်ခြင်းသက်သာစေနိုင်တဲ့နည်းရှိပါတယ်။ သင့်နေထိုင်မှုပုံစံနဲ့ လက်ရှိသောက်နေတဲ့ဆေးတွေကိုကြည့်ပြီး ဆရာဝန်က နည်း တချို့လမ်းညွှန်ပေးပါလိမ့်မယ်။ ပုံမှန်သုံးလေ့ရှိတာကတော့ antacid နဲ့ alginate တို့ဖြစ်တယ်။

Antacid ဟာအစာမကြေခြင်းအတွက် သုံးလေ့ရှိတဲ့ဆေးဖြစ်တယ်။ တချို့ antacid တွေမှာ alginate လို့ခေါ်တဲ့ဆေးတစ်မျိုးပါတယ်။ ထိုဆေးက သင့်အစာအိမ်ထဲက အက်စစ်တွေကိုထိန်းညှိပေးပြီး အစာခြေစနစ်ကိုမထိခိုက်အောင် လုပ်ပေးတယ်။ Antacid တွေရဲ့အာနိသင်က များသောအားဖြင့် နာရီအနည်းငယ်ကြာအောင်ခံတာမို့ တစ်ကြိမ်ထက်ပိုသောက်ဖို့တော့ လိုကောင်းလိုနိုင်ပါတယ်။ အများကြီးမသောက်မိဖို့ ဆေးအညွှန်းကိုသေချာဖတ်ဖို့တော့လိုပါလိမ့်မယ်။

ရေးသားသူ Dr.Aye Myat Myat Noe
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”