၂၉ ဒီဇင်ဘာ

 

ဟိုဟာစားလည်း အစာမကြေ၊ ဒီဟာစားလည်း အစာမကြေဖြစ်နေတယ်ဆို စိတ်ညစ်စရာပေါ့နော်။ အစားတလိုင်းလေးတွေဆို ပိုခံစားရတာပေါ့။ အစာစားလိုက်၊ မအီမသာဖြစ်လိုက်၊ လေထိုးလေအောင့် ဖြစ်လိုက်နဲ့ ပတ်ချာလည်ကို ရိုက်နေရော။

 

အကောင်းဆုံးနည်းလမ်းကတော့ ကိုယ့်ဝေဒနာသက်သာတဲ့အထိ ရှောင်သင့်တာရှောင်နိုင်ဖို့ပဲ။ ဘယ်အစားအစာတွေက အစာမကြေဖြစ်စေနိုင်သလဲ၊ ဘယ်အပြုအမူ၊ ဘယ်အခြေအနေတွေက အစာမကြေခြင်းကို ပိုဆိုးစေနိုင်သလဲဆိုတာ သိထားဖို့တော့ လိုမယ်နော်။ အလွယ်ဆုံးနည်းကတော့ စားကြည့်လို့ ဒီတစ်ခါဖြစ်ရင် နောက်တခါမစားနဲ့ပေါ့။ နောက်တာပါ။ တကယ်တော့ အစားအစာ တစ်ခုကို ကိုယ်စားလိုက်လို့ အစာမကြေဖြစ်ထားဖူးတယ်ဆို မှတ်သာထားလိုက်ပါ။ နောက်ချင့်ချိန်လို့ရတာပေါ့။

 

ကဲ အစာမကြေဖြစ်တတ်သူတွေ ရှောင်ရမှာတွေပြောပြမယ် –

 

တစ်ခါတည်း တနင့်တပိုးမစားနဲ့။

 

အလှူမှာကြိတ်တာ၊ အဝစားဘူဖေးမှာ အချိန်မပြည့်မချင်းနင်းကန်စားတာတွေနော်၊ သတိထားပါ။ အစာအိမ်ကို ဝန်မပိစေဖို့ ပမာဏနည်းနည်းချင်း အကြိမ်ရေခွဲစားတာကောင်းပါတယ်။

 

အမြန်မစားနဲ့။

 

သိပ်မဝါးဘဲ ကျားလိုက်သလို မျိုချတာက အစာမကြေဖြစ်စေတဲ့အပြင် ဗိုက်ဝမှန်းမသိ၊ မဝမှန်းမသိ တရစပ်စားမိတတ်တာကြောင့် ဝိတ်တောင်ပိုတက်စေလိမ့်မယ်နော်။

 

အက်စစ်ဓာတ်များတာတွေမစားနဲ့။

 

အရည်ရွှမ်းတဲ့ အချဉ်သီးတွေ၊ ခရမ်းချဉ်သီးတွေလို အက်စစ်ဓာတ်ပါဝင်မှုများတာတွေ သိပ်မစားနဲ့။ (လုံးဝရှောင်ခိုင်းတာမဟုတ်)

 

ကဖင်းလျှော့ပါ။

 

ကော်ဖီ၊ လက်ဖက်ရည်အပြင် ကိုကာကိုလာ၊ အားဖြည့်အချိုရည်၊ ချောကလက် တို့လို ကဖင်းပါတဲ့ စားစရာ၊သောက်စရာတွေ လျှော့ပါ။

 

စိတ်ဖိစီးမှုကို လက်ခံမထားပါနဲ့။

 

ဘယ်လိုနည်းနဲ့ လျော့အောင်လုပ်မလဲ ကိုယ်နဲ့ကိုက်ညီမယ့် နည်းလမ်းရှာပါ။ ဒီတိုင်းတော့ စိတ်ဓာတ်ကျမခံပါနဲ့။ တစ်နည်းနည်းနဲ့ ဖြေလျှော့ဖို့ကြိုးစားပါ။

 

ဆေးလိပ်မသောက်ပါနဲ့။

 

မဖြတ်နိုင်ရင် လျှော့ပါ။ အစာမစားခင်နဲ့ စားပြီးချိန်မှာ သောက်ရင် အစာခြေဖျက်ခြင်းကို အနှောင့်အယှက်ပေးပါတယ်။

 

အယ်လ်ကိုဟော ရှောင်ပါ။

 

အရက်၊ ဘီယာ၊ ဝိုင် သိပ်မသောက်ပါနဲ့။ ကိုယ်ကအစာမကြေ ဖြစ်တတ်တယ်ဆို မသောက်တာ ကောင်းပါတယ်။ နည်းနည်းလေးပါဆိုလည်း ဖြစ်လာတဲ့အကျိုးဆက်ကို အဲပမာဏအလျောက်တော့ ခံစားရပါလိမ့်မယ်။

 

သိပ်ပြီး ကျပ်စည်းတဲ့အဝတ်အစားတွေမဝတ်ပါနဲ့။

 

လှချင်ဇောနဲ့ ပဲများခြင်းက အစာအိမ်ကို ဖိအားဖြစ်စေပြီး စားထားတဲ့အစာတွေ အစာရေမျိုကို ပြန်ဆန်တက်လာစေနိုင်ပါတယ်။ ဥပမာ ဗိုက်ချပ်ဘာညာ ဝတ်ထားရင် ပြန်အန်တတ်ပါတယ်။

 

အစာစားပြီးပြီးချင်း လှဲမအိပ်ပါနဲ့။

 

အိပ်ခါနီးညစာမစားနဲ့၊ ညစာစားပြီးပြီးချင်း မအိပ်နဲ့။ အိပ်ရာဝင်ချိန်နဲ့ ညစာစားချိန်ကို အနည်းဆုံး ၃ နာရီတော့ခြားပါစေ။

 

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”