ပြေးခြင်းဟာ သွေးလေလှုပ်ရှားမှု မှန်ကန်ဖို့အတွက် အကောင်းဆုံးလေ့ကျင့်ခန်းတမျိုး ဖြစ်ပါ တယ်။ ကုန်ကျစရိတ်သိပ်မရှိဘဲ အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်ပြီး မိမိရဲ့ နေ့စဉ်နေထိုင်မှု ပုံစံအပေါ် အကျိုးကျေးဇူးပြုပါတယ်။

 

အပြေးလေ့ကျင့်ရာမှာ တချို့က အစာမရှိဘဲ ပြေးလေ့ရှိပါတယ်။ သူတို့ဟာ ညဖက်အိပ်ချိန် အပါအဝင် အစာမစားဘဲ ၆-၈ နာရီကြာပြီးမှ မနက်ပိုင်းမှာ ပြေးလေ့ရှိပါတယ်။ အစာမစားထား တဲ့အခါ ဂလိုင်ကိုဂျင် ပမာဏဟာ လျော့နည်းနေပါတယ်။ ဂလိုက်ကိုဂျင်ဆိုတာ ကာဘိုဟိုက်ဒရိတ်ကို ကိုယ်ခန္ဓာထဲမှာ သိုလှောင်ထားတဲ့ပုံစံ ဖြစ်ပါတယ်။ ကိုယ်ခန္ဓာကနေ စွမ်းအင်အဖြစ် ပြန်လည်ထုတ်ယူ သုံးစွဲပါတယ်။ တကယ်တော့ အစာမရှိဘဲ ပြေးခြင်းဟာ ကျန်းမာရေးအတွက် သိပ်မကောင်းပါဘူး။

 

ယခု ဆက်လက်ဖော်ပြမှကြတော့ အစာမရှိဘဲ ပြေးတဲ့အခါ ကြုံတွေ့နိုင်တဲ့ ကောင်းကျိုးဆိုးကျိုး တွေ ဖြစ်ပါတယ်။

 

အစာမရှိဘဲပြေးခြင်း၏ အကျိုးကျေးဇူးများ

 

အဆီလောင်ကျွမ်းမှုကို များစေခြင်း

 

အစာမရှိဘဲပြေးတဲ့အခါ ကိုယ်ခန္ဓာကနေ အဆီကို စွမ်းအင်အနေနဲ့ ထုတ်သုံးပါတယ်။ ကာဘိုဟိုက်ဒရိတ် နည်းနေချိန်မို့ အဆီကို ထုတ်သုံးခြင်း ဖြစ်ပါတယ်။ မနက်စာမစားခင် ပြေးခြင်းအပြင် အင်အားသုံးရတဲ့ တခြားလေ့ကျင့်ခန်းတွေ ပြုလုပ်ခြင်းဟာ အဆီကို ပိုမိုလောင်ကျွမ်းစေတယ်လို့ သုတေသနအချို့မှာ ဆိုထားပါတယ်။

 

စွမ်းအင်ရယူမှုကို လျှော့ချခြင်း

 

ကိုယ်အလေးချိန်လျှော့ချဖို့ ကြိုးစားနေချိန်မှာ အစာမရှိဘဲပြေးခြင်းဟာ စွမ်းအင်ရယူ သိုလှောင်ခြင်းကို လျော့ကျစေပါတယ်။ ၂၀၁၆ မှာ ပြုလုပ်ခဲ့တဲ့ သုတေသနတခုရဲ့ ဖော်ပြချက် အရ အစာမရှိဘဲ ပြေးခြင်းဟာ စွမ်းအင်ရယူခြင်းကို ၂၄ နာရီထိ ကျဆင်းစေတယ်လို့ သိရပါတယ်။ ကြွက်သားများမှာ သိုလှောင်ထားတဲ့ ဂလိုင်ကိုဂျင်ကို ကုန်ခမ်းသွားဟေပြီး အသည်းမှာသိုလှောင်တဲ့ စွမ်းအင်မျာကိုပါ ထုတ်ယူသုံးစွဲတဲ့အတွက် ဖြစ်ပါတယ်။

 

အစာအိမ်အူလမ်းကြောင်းပြဿနာများ လျော့နည်းစေခြင်း

 

အချိန်ကြာကြာပြေးခြင်း ဒါမှမဟုတ် လေ့ကျင့်ခန်းပြုလုပ်ရင် အစာအိမ်အောင့်ခြင်း၊ ပျို့အန်ခြင်း စတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ ဒီလိုပြဿနာတွေ ရှိတတ်ရင် ဗိုက်ထဲမှာ အစာမရှိဘဲပြေးတာ ပိုကောင်းပါတယ်။

 

အစာမရှိဘဲပြေးခြင်း၏ အားနည်းချက်များ

အင်အားစိုက်ထုတ်နိုင်စွမ်း လျော့နည်းစေခြင်း

 

ကာဘိုဟိုက်ဒရိတ်မရှိချိန်မှာ အဆီကို စွမ်းအင်အဖြစ် အသုံးပြုပေမယ့် ရေရှည်တော့ မခံပါဘူး။ လှုပ်ရှားမှုနောက်ကို စွမ်းအင်ထုတ်ယူခြင်းက မလိုက်နိုင်တဲ့အခါ ပင်ပန်းနွမ်းနယ်ခြင်း ဖြစ်လာပါတယ်။ ကြာလာလေလေ နောက်တစ်လှမ်းဆက်ပြေးဖို့တောင် အားမရှိလေ ဆိုသလိုမျိုး ဖြစ်လာနိုင်ပါတယ်။

 

ထိခိုက်ဒဏ်ရာရနိုင်ခြင်း

 

စွမ်းအင်ကုန်ခမ်းလာပြီး ပင်ပန်းနွမ်းနယ်လာတဲ့အခါ ပြေးလွှားနေရင်း ထိခိုက်ဒဏ်ရာရနိုင်ခြေ ပိုများလာပါတယ်။ ဦးနှောက်ဟာလည်း ပုံမှန်လုပ်ဆောင်နိုင်ဖို့ ဂလူးကို့စ်ကို လိုအပ်ပါတယ်။ အထူးသဖြင့် လေ့ကျင့်ခန်း ပြုလုပ်နေချိန်မှာ ဖြစ်ပါတယ်။ အစာမရှိဘဲပြေးရင် ဦးနှောက်ဟာ စွမ်းအင်လုံလောက်စွာ မရနိုင်ပါဘူး။ ဒါကြောင့် ပုံမှန်အလုပ်လုပ်ဖို့၊ ပတ်ဝန်းကျင်ကို အာရုံစိုက်နိုင်ဖို့ ခက်ခဲပါတယ်။

 

ကြွက်သားများ လျော့နည်းဆုံးရှုံးခြင်း

 

ဖိစီးမှုကို တုံ့ပြန်ဖို့ အဒရီနယ်ဂလင်းတွေကနေ ကော်တီဆောဟော်မုန်းကို ထုတ်လုပ်ပေးပါတယ်။ ကော်တီဆောမြင့်မားလာရင် ကြွက်သားတွေထဲက ပရိုတိန်းများကို ဖြိုခွဲပါတယ်။ ဒါကြောင့် ကြွက်သားများ အားနည်းခြင်း ဖြစ်တတ်ပါတယ်။

 

ကော်တီဆောပမာဏဟာ မနက်ပိုင်းမှာ အမြင့်ဆုံးကို ရောက်နေတတ်ပါတယ်။ တညလုံးအစာမစားဘဲ မနက်စာလည်း မစားရသေးချိန်မှာ ပိုမိုမြင့်မားနေတတ်ပါတယ်။ ဒါကြောင့် အစာမရှိဘဲ ပြေးခြင်းဟာ ကော်တီဆောကို မြင့်မားစေပြီး ကြွက်သားတွေကို ပျက်စီးအားနည်းဖြင်း ဖြစ်စေတတ်ပါတယ်။

 

သွေးတွင်းသကြားဓာတ် ကျဆင်းခြင်း

 

အစာလုံးဝမစားဘဲပြေးခြင်းဟာ သွေးတွင်းမှာရှိတဲ့ ဂလူးကို့စ်ဓာတ်ကို ကျဆင်းစေပါတယ်။ အထူးသဖြင့် ဆီးချိုရောဂါရှိပြီး ဆီးချိုကျဆေး သုံးစွဲနေရသူတွေမှာ ဖြစ်ပါတယ်။ သွေးတွင်း သကြားဓာတ် အလွန်အကျွံကျဆင်းသွားရင် အန္တရာယ်ရှိပါတယ်။

 

ဘာလုပ်သင့်လဲ

 

ကောင်းတာကတော့ မပြေးခင်မှာ အစာအနည်းငယ်စားပေးဖို့ပါပဲ။ ဒါမှသာ မိမိပြုလုပ်လိုတဲ့ လေ့ကျင့်ခန်းတွေကို ဘေးကင်းစိတ်ချစွာ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ကိတ်မုန့်တချပ်၊ ငှက်ပျောသီး တလုံး၊ ဒိန်ချဉ်တခွက် စသဖြင့် ပေါ့ပေါ့ပါးပါး စားစရာတမျိုးမျိုးကို အချိန်အနည်းငယ်ကြိုပြီး စားသုံးသင့်ပါတယ်။ တနာရီကနေ သုံးနာရီအတွင်း စားသုံးထားပေးရင် အကောင်းဆုံးပါပဲ။ ဒါ့အပြင် ရေလည်း သောက်ပေးသင့်ပါတယ်။ ပြေးနေချိန်မှာ ရေဓာတ်ဆုံးရှုံးမှု ဖြစ်ပေါ်တတ်ပါတယ်။ အစာအိမ်ထဲမှာ ပြည့်ဝနေအောင်စားသောက်ပြီး ပြေးခြင်းဟာ မကောင်းသလို အစာလုံးဝမရှိဘဲ ပြေးခြင်းဟာလည်း လူကို ထိခိုက်စေနိုင်ပါတယ်။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ရေးသားသူ Dr.Thant Zin

 

 “ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”