နွယ်နီလင်း
ဂါဇာသို့ အာဟာရပစ္စည်းများ၊ ဂျုံမှုန့်၊ ဆေးဝါးနှင့် အခြားအရေးကြီးသော ကုန်ပစ္စည်းများအပါအဝင် သီတင်းပတ် ၁၁ ပတ်အကြာတွင် အကူအညီပစ္စည်းများ ရောက်ရှိလာသည်ဟု ကုလသမဂ္ဂလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအဖွဲ့က ဆိုသည်။ ငတ်မွတ်ခေါင်းပါးမှုနှင့် ရင်ဆိုင်နေရသည့် ဂါဇာကမ်းမြောင်ဒေသရှိ နေရာမျိုးစုံသို့ အကူအညီပစ္စည်းများ သယ်ဆောင်လာသည့် ထရပ်ကားများ ခါရမ်ရှလွန်/ခါရမ် အဘူဆာလမ် စစ်ဆေးရေးဂိတ်သို့ ဦးတည်လာသည်ဟု လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးဆိုင်ရာ ကုလသမဂ္ဂရုံး (အိုစီအိတ်ချ်အေ) က ဆိုသည်။
ကမ္ဘာ့စားနပ်ရိက္ခာ၏ အကူအညီဖြင့် ဂါဇာတောင်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် ပေါင်မုန့် ထုတ်လုပ်မှုများ ပြန်လည်စတင်နေပြီဟု အိုစီအိတ်ချ်အေက ပြောသည်။ အဆိုပါမုန့်ဖိုများမှာ ယခုအခါလုပ်ငန်းလည်ပတ်နေပြီး ပေါင်မုန့်များကို ဖြန့်ချိနေပြီဖြစ်သည်။
သို့သော်လည်း စုစုပေါင်း ရက် ၈၀ ကြာ လူသားချင်းစာနာထောက်ထား မှုဆိုင်ရာအကူအညီ များကို တားဆီးပိတ်ဆို့ထားသည့်အတွက် မိသားစုဝင်များမှာ ငတ်မွတ်ခေါင်းပါးမှုအန္တရာယ်နှင့် ရင်ဆိုင်နေရဆဲဖြစ်ပြီး ဂါဇာတစ်ဝန်းတွင် အကူအညီများ လိုအပ်နေသေးသည်ဟု အဆိုပါရုံးက ဆိုသည်။
အစ္စရေးတို့သည် ဟားမားစ်အုပ်စုကို ဖိအားပေးရန် မေ ၂ ရက်မှ စတင်ကာ ဂါဇာကမ်းမြောင်ဒေသကို ပိတ်ဆို့ပြီး မေ ၁၈ ရက်တွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီများကို ဂါဇာကမ်းမြောင်ဒေသသို့ ဝင်ရောက်ခွင့်ပြန်လည်ခွင့်ပြု လိုက်ပြီဟု အစ္စရေးကကြေညာခဲ့သည်။ အကူအညီပေးရေး ပစ္စည်းများကို တင်ဆောင်လာသည့် ထရပ်ကား ၉၃ စီးမှာ မေ ၂၀ ရက်တွင် ဂါဇာဒေသသို့ စတင်ရောက်ရှိလာခဲ့သည်ဟု ကုလသမဂ္ဂက ပြောသည်။
ဂါဇာဒေသ၌ မတ်လအတွင်းမှ စတင်ကာ အစားအစာမလုံလောက်မှုကြောင့် ကိုယ်ဝန်ဆောင် မိခင်များမှာ အာဟာရချို့တဲ့မှုနှင့် ကိုယ်ဝန်ပျက်ကျ မှုများ ဖြစ်ခဲ့ရသည်။ ကုန်ပစ္စည်းတင်ပို့မှု ပမာဏ ကို ကန့်သတ်ထားပြီး ဂါဇာရှိ လူပေါင်း ၂ ဒသမ ၁ သန်း၏ လိုအပ်ချက် ပိုပြည့်မီရန် မလုံလောက်သေးဟု အိုစီအိတ်ချ်အေက ဆိုသည်။
လတ်ဆတ်သောအစားအစာ၊ တစ်ကိုယ်ရေ သန့်ရှင်းရေးပစ္စည်းများ၊ ရေသန့်စင်ဆေးများနှင့် လောင်စာဆီများကဲ့သို့သော အခြားအခြေခံအကူ အညီပေးရေးပစ္စည်းများ ခွင့်မပြုသည်မှာ ရက်ပေါင်းများစွာကြာခဲ့သည်။
လူပေါင်း ငါးသိန်းခန့်မှာ ငတ်မွတ်ခေါင်းပါးမှုလမ်းကြောင်းပေါ်တွင် ရှိနေမှုနှင့်အတူ ဂါဇာတစ်ဝန်း ပြည်သူများမှာ အငတ်ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်၏ ပြောရေးဆိုခွင့်ရှိသူ စတီဖင်ဒူဂျာရစ်က ပြောသည်။
ဂါဇာ၌ မကြာသေးမီရက်များအတွင်း ရွက်ဖျင် တဲများနှင့် လူများခိုလှုံရာ အဆောက်အအုံများ တိုက်ခိုက်ခံရမှုကြောင့် အများအပြားသေကျေမှုနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (အိုင်ဒီအက်ဖ်)က ယခုရက်ပိုင်းအတွင်း ဂါဇာကမ်းမြောင်ဒေသ တစ်လျှောက် ပစ်မှတ် ၇၅ ခုကျော်ကို လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ အဆိုပါပစ်မှတ် များတွင် စစ်သွေးကြွများ၊ ဒုံးပစ်လောင်ချာများ၊ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများ၊ လက်နက်သိုလှောင်ရုံများနှင့် အခြားသော စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများ ပါဝင်သည်။
အလားတူ ဇွန် ၁ ရက်နံနက်ပိုင်းတွင် ဂါဇာ တောင်ပိုင်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ပေးရေးစင်တာအနီး အစ္စရေးတို့၏ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း ၃၁ ဦးထက်မနည်း သေဆုံးပြီး ဒါဇင်နှင့်ချီသည့်လူများ အပြင်းအထန် ဒဏ်ရာရရှိသည်ဟု ပါလက်စတိုင်းသတင်းရင်းမြစ်များက ဆိုသည်။
အစ္စရေးလုံခြုံရေးအေဂျင်စီမှ ထောက်လှမ်းရေး အကူအညီဖြင့် လုပ်ဆောင်နေသော မြေပြင်တပ်ဖွဲ့များသည် နယ်မြေတစ်လျှောက်လုံးတွင် စစ်ဆင်ရေးများကို ဆက်လက်ပြုလုပ်နေသည်ဟု အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
ထို့ပြင် လောင်စာဆီပြတ်လပ်မှုကြောင့် ဂါဇာ ဒေသနေရာအချို့ရှိ ရေတွင်းများကို ပိတ်ထားရသည်ဟု အိုစီအိတ်ချ်အေက ဆိုသည်။ နိုင်ငံတကာဖိအားများပေးမှုများကြောင့် မကြာသေးမီရက်များအတွင်း အကူအညီပေးရေးထရပ်ကားအစီးရေ ၁၀၀ ခန့် ဂါဇာသို့ ဝင်ရောက်ခွင့်ပြုခဲ့သည်ဟု အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ အငတ်ဘေးမှာ နယ်မြေအနှံ့ပျံ့နှံ့သွားခဲ့သည်ဟု ကုလသမဂ္ဂက သတိပေးခဲ့သည်။ လာမည့်ရက်များ အတွင်း အမေရိကန်ကုမ္ပဏီများက ဂါဇာရှိ ပါလက် စတိုင်းများဆီသို့ အစားအစာများ ပေးကမ်းဝေငှမည် ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဆိုသည်။
“အမေရိကကုမ္ပဏီတွေက ပါလက်စတိုင်း မိသားစုဝင်တွေဆီကို အစားအစာ တိုက်ရိုက်ဝေငှမယ်။ အဆိုပါအစားအစာတွေကို မိမိတို့တပ်မတော်က လုံခြုံရေးယူထားပြီး ဖြန့်ဝေပေးသွားမယ်” ဟု နေတန်ယာဟုက ဗီဒီယိုထုတ်ပြန်ချက်တွင် ဆိုသည်။ အစ္စရေး-ဟားမားစ် ယာယီအပစ်အခတ်ရပ်စဲရေး ကျိုးပဲ့ခဲ့သည့် မတ် ၁၈ ရက်မှစကာ အစ္စရေးက ၎င်းတို့၏စစ်ရေးလှုပ်ရှားမှုများကို ပြန်လည်စတင်သဖြင့် ပါလက်စတိုင်းသေဆုံးသူ ၄၁၄၉ ဦးနှင့် ဒဏ်ရာရရှိသူ ၁၂၁၄၉ ဦးရှိသည်။
ဂါဇာကမ်းမြောင်ဒေသ၌ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှ စကာ အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၅၄၃၈၁ ဦး သေဆုံးပြီး ၁၂၄၀၅၄ ဦး ဒဏ်ရာရရှိကြောင်း ဂါဇာကျန်းမာရေးအာဏာပိုင် များက ဇွန် ၁ ရက်တွင် ပြောသည်။ ။
ကိုးကား - ဆင်ဟွာ