၄ ဩဂုတ်

 

 

အစ္စရေး ရဟတ်ယာဉ်များက တောင်ပိုင်းပြည်နယ် ကွန်နီတရာရှိ  ဆီးရီးယားစစ်တပ် ချထားရာ နေရာများကို ဒုံးကျည်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု အစ္စရေး စစ်တပ်နှင့် ဆီးရီးယား နိုင်ငံပိုင် သတင်းဌာန SANA ၏ ဖော်ပြချက်အရ သိရသည်။

 

 

အစ္စရေး စစ်တပ်က ယမန်နေ့ ညပိုင်းက ဆီးရီးယား စစ်တပ်ကို ပစ်မှတ်ထားကာ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်းနှင့် ယင်းတိုက်ခိုက်မှုသည် အစောပိုင်းနေ့က ပြုလုပ်ခဲ့သော တိုက်ခိုက်မှုကို တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

 

ဆီးရီးယား တောင်ပိုင်းတွင် အစ္စရေး တိုက်လေယာဉ်များ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များနှင့် လေယာဉ်တို့ဖြင့် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု အစ္စရေးစစ်တပ်မှ ထုတ်ပြန်သော သီးခြားကြေညာချက်အရ သိရသည်။

 

 

ပစ်မှတ်ထား တိုက်ခိုက်ခဲ့သော ဆီးရီးယားစစ်တပ် အခြေစိုက် စခန်းများတွင် လေ့လာရေး စခန်းများနှင့် စစ်ရေးသတင်း စုဆောင်ခြင်း စနစ်များ၊ လေယာဉ်ပစ် အမြောက်တပ်များနှင့် ညွှန်ကြားမှုနှင့် ထိန်းချုပ်မှု စနစ်များ ပါဝင်သည်ဟု ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

 

SANA ၏ ထုတ်ပြန်ချက်အရ အစ္စရေး ရဟတ်ယာဉ်များသည် အစ္စရေးတို့ သိမ်းပိုက်ထားသော ဂိုလန်ဟိုက်နှင့် ကွန်နီတရာအကြား နယ်စပ်ဒေသရှိ ဆီးရီးယား စစ်တပ်နေရာ အချို့ကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

 

 

ဇူလိုင်လက အစ္စရေး လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ကြသည့် အီရန် ကျောထောက်နောက်ခံ လက်နက်ကိုင်အုပ်စု ဟဇ်ဘိုလာတို့နှင့် တိုက်ခိုက်ခဲ့ပြီးနောက် ဆီးရီးယားနှင့် လက်ဘနွန်ကြား အစ္စရေး နယ်စပ်တစ်လျှောက်တွင် တင်းမာမှုများ မြင့်တက်လာခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို