ဂျေရုဆလင် ဇန်နဝါရီ ၂၉
ဂါဇာကမ်းမြောင်ဒေသတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကို သုံးသပ်ခြင်းအားဖြင့် ကမ္ဘာ့နိုင်ငံသားများ၏ လူ့အခွင့်အရေးကို ကာကွယ်နေသည် ဟူသည့် အမေရိကန်အစိုးရနှင့် အနောက်အုပ်စုများ၏ မုသားဆောင်သည့် သဘောထား ရပ်တည်ချက်ကို တွေ့မြင်နေရကြောင်း အီရန်နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နေဆာကနာနီက ယမန်နေ့တွင် ပြောကြားခဲ့သည်။
အနောက်အုပ်စု နိုင်ငံများသည် ဂါဇာဒေသတွင် အစ္စရေးက ဆောင်ရွက်နေသည့် တိုက်ခိုက်မှုများကို ရပ်တန့်စေရေး ကြိုးပမ်းအားထုတ်မှုများမပြုလုပ်ဘဲ အဆိုပါ တိုက်ခိုက်မှုများကို အကူအညီ ပေးနေကြောင်း ယင်းကလူမှုမီဒီယာတွစ်တာတွင် ထပ်လောင်းပြောကြားသည်။ ယင်း တိုက်ခိုက်မှုများကြောင့် လူ့အခွင့်အရေးအတွက် အကျိုးဆောင်နေသည်ဟူသည့် အမေရိကန်၏ ဟန်ဆောင်မျက်နှာဖုံးမှာ ဂါဇာဒေသတွင်တိုက်ပွဲများ ပြင်းထန်လာသည်နှင့်အမျှ ကွာကျလာကြောင်း ၎င်းကမှတ်ချက်ပြု ပြောကြားသည်။ လက်ရှိအချိန်တွင် ဂါဇာဒေသ၌ ဒေသခံ ၁ ဒသမ ၉ သန်းခန့် အိုးအိမ်မဲ့ခဲ့ရပြီး ကလေးနှင့် အမျိုးသမီး ၁၈၀၀၀ ခန့် သေဆုံးခဲ့ရသည့်အတွက် အစ္စရေးကို တိုက်ခိုက်မှုများအတွက် ပံ့ပိုးကူညီနေသည့် နိုင်ငံများမှာ လူမှုရေးကျင့်ဝတ်အရ စည်းကမ်း ဖောက်ဖျက်ကြကြောင်း ၎င်းက ပြောကြားသည်။
အစ္စရေးနိုင်ငံ တောင်ပိုင်းသို့ ယမန်နှစ် အောက်တိုဘာ ၇ ရက် က ဟားမတ်စ်အဖွဲ့ဝင်ရောက် တိုက်ခိုက်မှုကြောင့် ဒေသခံ ၁၂၀၀ ခန့်သေဆုံးခဲ့ရပြီး လက်ရှိအချိန်အထိ ၎င်းပဋိပက္ခများ အတွင်း သေဆုံးသူ အရေအတွက် မှာ ၂၆၄၂၂ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ပါလက်စတိုင်းကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ