ဂျေရုဆလင်၊ ဩဂုတ် ၂၅
အစ္စရေးနိုင်ငံမြောက်ပိုင်းနှင့် အလယ်ပိုင်းသို့ ပစ်လွှတ်မည့် ဟစ်ဇ်ဘိုလာ ဒုံးကျည်နှင့် ဒုံးကျည်ပစ် လောင်ချာထောင်ပေါင်းများစွာကို အစ္စရေး တိုက်လေယာဉ် အစင်း ၁၀၀ ခန့်ဖြင့် တိုက်ခိုက် ဖျက်ဆီးခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က ဩဂုတ် ၂၅ ရက်တွင် ထုတ်ပြန်သည်။
အရုဏ်မတက်မီ လက်ဘနွန်တောင်ပိုင်းရှိ ဒုံးကျည်ပစ်လွှတ်သည့်နေရာပေါင်း ၄၀ ကျော်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးတပ်ဖွဲ့က ပြောကြားသည်။ အများစုမှာ အစ္စရေးမြောက်ပိုင်းကို ဦးတည်နေကာ အချို့မှာ အစ္စရေးအလယ်ပိုင်းသို့ ဦးတည်ထားသည့် ဒုံးကျည်များဖြစ်ကြောင်း အဆိုပါတပ်ဖွဲ့က ထပ်လောင်းပြောကြားသည်။
တိုက်ခိုက်မှုကြောင့် လက်ဘနွန်တောင်ပိုင်း ခီရမ်မြို့ရှိ လူတစ်ဦးသေဆုံးခဲ့ကြောင်း အစ္စရေးနိုင်ငံပိုင် ခန်းတီဗွီ သတင်းတွင် ဖော်ပြသည်။ အစ္စရေးနိုင်ငံဘက်တွင်လည်း အမျိုးသမီးတစ်ဦး ကျည်ဆန်ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း အစ္စရေးနိုင်ငံ၏ မက်ဂန်ဒေးဗစ်အဒမ် ကယ်ဆယ်ရေးလုပ်ငန်းက သတင်းထုတ်ပြန်သည်။
ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးဘက်သို့ ဒုံးကျည်များပစ်ခတ်ရန် ပြင်ဆင်နေမှုကို ဖော်ထုတ်နိုင်ခဲ့ပြီး ခြိမ်းခြောက်မှုများကို ဖယ်ရှားရန်နှင့် မိမိကိုယ်ကို ခုခံကာကွယ်မှုအဖြစ် တိုက်ခိုက်မှုကိုစတင်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့၏ ပြောရေး ဆိုခွင့်ရှိသူ ဒယ်နီရယ် ဟာဂါရီက ပြောကြားသည်။
အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအစ်ဗ်ဂဲလန့်က တစ်နိုင်ငံလုံးအရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး အစ္စရေး မြောက်ပိုင်းမှ တဲလ်အဗစ်အထိ နေထိုင်သူများအတွက် လူစုလူဝေးများကို တားမြစ်ထားကာ အမိုးအကာများ သို့မဟုတ် ဘေးကင်းသော အခန်းများအနီးတွင် နေထိုင်ကြရန် တိုက်တွန်းထားသည်။ ဘင်ဂူရီယန်အပြည်ပြည် ဆိုင်ရာလေဆိပ်ကိုလည်း အဝင်အထွက်ပျံသန်းမှုများ ခေတ္တပိတ်ထားခဲ့ရကြောင်း လေဆိပ်အာဏာပိုင်များက ကြေညာသည်။
ယနေ့တွင် ဟစ်ဇ်ဘိုလာ အကြီးတန်း စစ်ဦးစီးမှူး ဖောအစ်ဒ်ရှောကာအား အစ္စရေး၏တိုက်ခိုက်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးတပ်မတော်ပိုင်နေရာ ၁၁ ခုသို့ ဒုံးကျည် အစင်း ၃၂၀ ကျော်ဖြင့် ပစ်ခတ်ခဲ့ကြောင်း လက်ဘနွန် အမျိုးသားသတင်းဌာနက ထုတ်ပြန်ထားသည်။
ဆင်ဟွာ