ဂါဇာ မတ် ၁၈
အစ္စရေးတပ်မတော်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် လူပေါင်း ၄၀၀ ကျော် သေဆုံးမှု ဖြစ်ပွားကြောင်း ဂါဇာကမ်းမြောင် ကျန်းမာရေးအာဏာပိုင်များက ပြောသည်။
အစ္စရေးသည် ဇန်နဝါရီလတွင် ပစ်ခတ်တိုက်မှုရပ်စဲရေး သဘောတူညီချက် အသက်ဝင်ခဲ့သော ဂါဇာကမ်းမြောင်ရှိ ဟားမားစ်တို့ကို ပစ်မှတ်ထားကာ မတ် ၁၈ ရက် နံနက်အစောပိုင်းက ကြီးမားသည့် ထိုးစစ်တစ်ရပ် ဆင်နွှဲခဲ့ခြင်းဖြစ်သည်။ အစ္စရေးက ကျန်ရှိနေသော ဓားစာခံများအား လွှတ်ပေးရေးနှင့် ပတ်သက်ပြီး ဟားမားစ်တို့အပေါ် စစ်ရေးဖိအား တိုးမြှင့်လုပ်ဆောင်လျက် ရှိကြောင်း၊ တစ်ဖက်တွင်လည်း ဟားမားစ်အဖွဲ့က ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ချိုးဖောက် သည်ဟု အစ္စရေးကို စွပ်စွဲထားကြောင်း သိရသည်။
ဂါဇာကျန်းမာရေးအာဏာပိုင်များက လူပေါင်း ၄၀၄ ဦး သေဆုံးပြီး အများအပြားမှာ အပျက်အစီး များအောက်တွင် ပိတ်မိနေသေးကြောင်း၊ သေဆုံးသူအများစုမှာ အမျိုးသမီးများ၊ ကလေးငယ်များနှင့် အသက်ကြီး ပိုင်းများဖြစ်ကြောင်း ပြောသည်။ အစ္စရေးတပ်မတော်၏ ဗုံးကြဲတိုက်ခိုက်မှုအတွင်း အစ္စရေး ဓားစာခံတစ်ဦး သေဆုံးခဲ့သည်ဟု ဟားမားစ် ခေါင်းဆောင်တစ်ဦး၏ ပြောကြားချက်ကို အရှေ့ အလယ်ပိုင်း မီဒီယာတစ်ခုက ကိုးကားဖော်ပြထားသည်။
ပစ်ခတ်တိုက်ခိုက်မှု သက်တမ်း တိုးရေးနှင့်ပတ်သက်၍ ဆွေးနွေးမှုများမှာ ရပ်တန့်လျက်ရှိပြီး အစ္စရေး တပ်မတော်၏ ဒရုန်းများ၊ အခြားသောနည်းလမ်းများဖြင့် ကြားဖြတ်တိုက်ခိုက်မှုများကြောင့် ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ အစ္စရေးတပ်မတော်၏ မတ် ၁၈ ရက် က နောက်ဆုံးပစ်ခတ်တိုက်ခိုက်မှုမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု စတင်အသက်ဝင် ပြီးနောက် အကြီးမားဆုံးပစ်ခတ်တိုက်ခိုက်မှုဖြစ်သည်။
အစ္စရေးသည် မတ် ၂ ရက်မှစတင်ကာ ဂါဇာကမ်းမြောင်သို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဝင်ရောက်မှုကိုလည်း ဆက်လက်ပိတ်ပင်ထားသည်။
အင်န်အိတ်ချ်ကေ