ကူဝိတ်စီးတီး နိုဝင်ဘာ ၂၅

 

အစ္စရေးတပ်ဖွဲ့များ၏ အာရပ်နိုင်ငံများအား တိုက်ခိုက်မှုများကို တွန်းလှန်ချေမှုန်းရန်အတွက် အီဂျစ်နိုင်ငံသည် အာရပ်နိုင်ငံများနှင့် လက်တွဲဆောင်ရွက်မည်ဖြစ်ကြောင်း အီဂျစ်နိုင်ငံခြားရေး ဝန်ကြီး ဗာအဗ္ဗဒဲလက်တီက နိုဝင်ဘာ ၂၄ ရက်တွင် ကူဝိတ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိစဉ် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

 

အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် အရှေ့အလယ်ပိုင်းဒေသတွင် စစ်ပွဲကြီးတစ်ခုဖြစ်ပွားလာမည့် အရေးကို စိုးရိမ်ပူပန်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။  ထို့ပြင် အစ္စရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများကြောင့် အမျိုးသမီးများနှင့် ကလေးများ ထိခိုက်သေဆုံးနေရခြင်းအပေါ် နှုတ်ဆိတ်နေသည့် နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း ၎င်းကဝေဖန်ပြောကြားခဲ့သည်။ ပါလက်စတိုင်းများအတွက် တရားဝင်ရသင့်ရထိုက်သည့် အခွင့်အရေးများကို ပေးအပ်ရန်နှင့် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ဒေသတွင်းတည်ငြိမ်ရေးနှင့် အေးချမ်းရေးကို ထိခိုက်စေသောကြောင့် ၎င်းတိုက်ခိုက်မှုများ ရပ်တန့်ရေးအတွက် အီဂျစ်နိုင်ငံက နိုင်ငံတကာနှင့် ဒေသတွင်းဆိုင်ရာ သင့်လျော်သည့် အားထုတ်မှုများဖြင့် ကြိုးပမ်းဆောင်ရွက်မည်ဟု ၎င်းက ပြောကြားသည်။

 

လက်ရှိအချိန်တွင် တိုက်ခိုက်မှုများ ဖြစ်ပွားနေသဖြင့် ကမ္ဘာ့ရေကြောင်း ကုန်သွယ်ရေးတွင် စူးအက်တူးမြောင်းမှ ရရှိသည့်ဝင်ငွေများ လျော့နည်းလာပြီး ရေကြောင်းကုန်သွယ်ရေးကဏ္ဍကို ထိခိုက် စေခဲ့ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

 

ထို့ပြင် ဂါဇာဒေသနှင့် လက်ဘနွန် နိုင်ငံရှိ တင်းမာမှုများကြောင့် ပင်လယ်နီတွင် တိုက်ခိုက်မှုများ အများအပြားဖြစ်ပွား ခဲ့ပြီး ကမ္ဘာ့ကုန်သွယ်ရေးကိုသာမက အီဂျစ်နိုင်ငံ၏ စီးပွားရေးကိုပါ ထိခိုက် စေခဲ့ကြောင်း ၎င်းကပြောသည်။ လက်ရှိ အချိန်တွင် အီဂျစ်နိုင်ငံသည် ကူဝိတ်နိုင်ငံနှင့် ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှု ရှိကြောင်း ၎င်းက ပြောကြားသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ