ဂါဇာ မေ ၂၀

 

အစ္စရေးတပ်မတော်သည် ဂါဇာကမ်းမြောင်ကို ပြင်းထန်သည့် ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်လျက်ရှိသည်။ ဗြိတိန်၊ ပြင်သစ်နှင့် ကနေဒါနိုင်ငံ ခေါင်းဆောင်များက စစ်ရေးဆောင်ရွက်မှုများကို ရပ်တန့်ရန် အစ္စရေးကို တောင်း ဆိုထားသော်လည်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု က ထိုကဲ့သို့ တောင်းဆိုမှုကို လိုက်နာခြင်းမရှိဘဲ ဆက်လက် တိုက်ခိုက်မှုလုပ်ဆောင်နေခြင်း ဖြစ်သည်။

 

အစ္စရေး တပ်မတော် သည် မေ ၂၀ ရက်တွင် ဂါဇာ ဒေသအများအပြားကို လေကြောင်းတိုက်ခိုက်မှုများနှင့် အခြားစစ်ရေး လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ထိုကဲ့သို့ တိုက်ခိုက်မှုများကြောင့် နေအိမ် အများအပြား ထိခိုက်ပျက်စီးကာ အရပ်သား ၆၀ ကျော် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ပါလက်စတိုင်း မီဒီယာများက ပြောသည်။

 

နေတန်ယာဟုအစိုးရ၏ ထိုကဲ့သို့ဆိုးရွားလှသည့် လုပ်ရပ်များ ဆက်လက်လုပ်ဆောင်နေမှုကို ဗြိတိန်၊ ပြင်သစ်နှင့် ကနေဒါနိုင်ငံက လျစ်လျူရှုထားတော့မည် မဟုတ်ဟုဆိုကာ မေ ၁၉ ရက်တွင် ပူးတွဲကြေညာချက်တစ်ရပ် ထုတ် ပြန်ထားသည်။

 

ထို့အပြင် အစ္စရေး၏ လုပ်ရပ်များအပေါ် တုံ့ပြန်သည့်အနေဖြင့် ပိတ်ဆို့မှုများအပါအဝင် အရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဆိုပါ သုံးနိုင်ငံ ခေါင်းဆောင်များက ပြောသည်။ အစ္စရေးတပ်မတော်သည် ဟားမားစ်အဖွဲ့က ကျန်ရှိနေသော ဓားစာခံများကို မလွှတ်ပေး မချင်း၊ လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်မချင်း ၎င်းတို့၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နေတန်ယာဟု က ပြောသည်။

 

 အင်န်အိတ်ချ်ကေ