၆ လအရွယ် မွေးကင်းစကလေးငယ်တစ်ဦးအပါအဝင် လူ ၇ ဦး ဒဏ်ရာရရှိခဲ့သည့် တဲအဗစ်မြို့တော် အနီး၌ ဒုံးပျံတိုက်ခိုက်မှုတစ်ရပ် ဖြစ်ပွားခဲ့ပြီးနောက် အစ္စရေးနိုင်ငံက ဂါဇာကမ်းမြောင်ဒေသတွင် လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ ဂါဇာကိုထိန်းချုပ်သော လက်နက်ကိုင် အစ္စလာမ္မစ်အဖွဲ့ ဟားမစ်သည် ဒုံးပျံတိုက်ခိုက်မှုအတွက် တာဝန်ရှိကြောင်း အစ္စရေးတပ်မတော်က ပြောကြားသည်။ ဂါဇာကမ်းမြောင်ရှိ ဟားမစ်အဖွဲ့၏ပစ်မှတ်များကို တိုက်ခိုက်မှု စတင်ခဲ့ကြောင်း အစ္စရေးတပ်မတော်က မတ်လ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
ဟားမစ်အဖွဲ့၏ ထောက်လှမ်း ရေးတပ်ဖွဲ့ အသုံးပြုသည့် အဆောက်အဦတစ်လုံးအပါအဝင် နေရာ ၈ ခု တွင် တိုက်ခိုက်ခံခဲ့ရပြီး လူ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဂါဇာရှိ အာဏာပိုင်များက ပြောကြားသည်။ ယာယီ အပစ်အခတ်ရပ်စဲရန် အစ္စရေးနိုင်ငံနှင့် သဘောတူညီခဲ့ကြောင်း ဟားမစ်အဖွဲ့၏ သတင်းရင်းမြစ်များက ပြောသည်။ သို့သော်လည်း ထိုကြေညာချက်ထွက်ပေါ်ပြီးနောက် ကြိုကြားကြိုကြား စစ်ရေးအရ တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားခဲ့သည်။ မကြာသေးမီက ဖြစ်ပျက်ခဲ့သည့် တိုးတက်ဖြစ်ထွန်းမှုများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မိကြောင်း ကုလသမဂ္ဂအဖွဲ့ အတွင်းရေးမှူးချုပ်က ပြောကြားသည်။
ဂါဇာဒေသမှ အစ္စရေးနိုင်ငံသို့ ဒုံးပျံများပစ်ခတ်မှုမှာ လက်သင့်ခံနိုင်ဖွယ်ရာမရှိသော ချိုးဖောက်မှုတစ်ရပ်ဟု အန်တိုနီယိုဂူတီယာရက်က ပြောကြားသည်။ တတ်နိုင်သမျှ စိတ်ရှည်သည်းခံကြရန် ၎င်းက နှစ်ဖက်စလုံးသို့ တိုက်တွန်းလျက်ရှိသည်။ တင်းမာမှု အခြေအနေလျော့ချနိုင်ရန် ကုလသမဂ္ဂတာဝန်ရှိသူများက အီဂျစ်၊ သက်ဆိုင်ရာနိုင်ငံများနှင့် ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း ကုလသမဂ္ဂအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စတီဖန်ဒူဂျာ ရစ်က ပြောသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ပါလက်စတိုင်းကိစ္စဆွေးနွေးရန် ယနေ့ ပုံမှန်အစည်းအဝေးတစ်ရပ် ကျင်းပမည်ဖြစ်သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်