ဂျေရုဆလင်၊ အောက်တိုဘာ ၅

 

အစ္စရေးသည် ဟစ်ဇ်ဘိုလာအဖွဲ့ကို ဝေဟင်ရောမြေပြင်ပါ အရှိန်လျှော့ချခြင်းမရှိဘဲ အရှိန်မြှင့် တိုက်ခိုက်လျက်ရှိသည်။ ဟစ်ဇ်ဘိုလာက လက်ဘနွန်မှ အစ္စရေးသို့ဦးတည်ကာ ဒုံးကျည်ရာနှင့်ချီ ပစ်လွှတ်ခဲ့ကြောင်း အစ္စရေးက ပြောသည်။

 

အစ္စရေး တပ်မတော်သည် ဟစ်ဇ်ဘိုလာ စစ်ရေးပစ်မှတ် ၂၀၀၀ ကျော်ကို တိုက်ခိုက်ခဲ့ကြောင်းနှင့် တိုက်ခိုက်ရေးသမား ၂၅၀ ခန့်ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း အစ္စရေးတပ်မတော် တာဝန်ရှိသူများက ပြောသည်။ အခြားတစ်ဖက်တွင် ဟစ်ဇ်ဘိုလာ အဖွဲ့ကလည်း အစ္စရေးကို ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်ခဲ့ကြောင်း ပြောသည်။ ထိုသို့တိုက်ခိုက်မှုများကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူအချို့ ရှိကြောင်းလည်း ပြောသည်။

 

အစ္စရေး တပ်မတော်သည် ဘေရွတ်မြို့အနီး မြေအောက်ကတုတ်ကျင်းတစ်ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အစ္စရေး တာဝန်ရှိသူများ၏ ပြောကြားချက် ကို The New York Times သတင်းစာက ကိုးကားဖော်ပြထား သည်။ ဟစ်ဇ်ဘိုလာအကြီးတန်း တာဝန်ရှိသူများသည် ယင်းနေရာတွင် အစည်းအဝေးတစ်ခု ပြုလုပ်နေကြောင်းနှင့် ပတ်သက်ပြီး အစ္စရေးတပ်မတော်က သတင်းရခဲ့ကြောင်းလည်း အဆိုပါသတင်းစာတွင် ဖော်ပြထားသည်။

 

၎င်းတို့ထဲမှ တစ်ဦးမှာ ပြီးခဲ့သည့်လက အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သော အဖွဲ့ခေါင်းဆောင် ဟာဆန်နာစရယ်လာ၏နေရာကို ဆက်ခံသူဖြစ်သည်ဟု ယူဆရကြောင်းဆိုသည်။ လက်ဘနွန်ရှိ လူပေါင်းတစ်သန်းကျော်မှာ အိုးအိမ်စွန့်ခွာ ခဲ့ကြရကြောင်း၊ အစိုးရက တည်ဆောက်ပေးသော ခိုလှုံရေးနေရာ ၉၀၀ နီးပါးထဲက အများစုမှာ လူပြည့်နေပြီး အမိုးအကာမရှိသော လမ်းများပေါ် သို့မဟုတ် ပန်းခြံများတွင် လူများအိပ်နေကြရကြောင်း ကုလသမဂ္ဂတာဝန် ရှိသူများက ပြောသည်။  

     

အင်န်အိတ်ချ်ကေ