ဂါဇာ ဖေဖော်ဝါရီ ၂၃
ဂါဇာကမ်းမြောင်တွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်အရ ဟားမားစ်အဖွဲ့က ဖေဖော်ဝါရီ ၂၂ ရက်တွင် ဓားစာခံ ခြောက်ဦး လွှတ်ပေးခဲ့ကြောင်း သိရသည်။ သို့သော်လည်း အစ္စရေး က ဖမ်းဆီးထိန်းသိမ်းထားသည့် ပါလက်စတိုင်း အကျဉ်းသား ၆၀၀ ကျော် လွှတ်ပေးမည့် အစီအစဉ်ကို ရွှေ့ဆိုင်းကြောင်း ပြောကြားသည်။
ထိုကဲ့သို့ ရွှေ့ဆိုင်းမှုကို ဖေဖော်ဝါရီ ၂၃ ရက်တွင် အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန် ယာဟု က ကြေညာခဲ့သည်။ ဟားမားစ်အဖွဲ့က အစ္စရေး၏ အဆိုပါကြေညာချက်ကို ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချကြောင်း၊ ယင်းဆုံးဖြတ်ချက်က သဘောတူညီချက်ကို ရှင်းလင်းစွာ ချိုးဖောက်ရာရောက်ကြောင်း ပြောသည်။
အစ္စရေးနှင့် ဟားမားစ်တို့ အကြား ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက်အရ ဟားမားစ်အဖွဲ့က လက်ရှိအချိန်အထိ သေဆုံးသူများ၏ ရုပ်အလောင်း အပါအဝင် ဓားစာခံ ၃၃ ဦးအနက် ၂၉ ဦး လွှဲပြောင်း ပေးပြီးဖြစ်သည်။
အစ္စရေးဘက်ကလည်း လက်ရှိအချိန်အထိ ပါလက်စတိုင်း အကျဉ်းသား ၁၁၀၀ ကျော်ကို လွှဲပြောင်းပေးပြီးဖြစ်ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ