ဂျေရုဆလင် ဩဂုတ် ၂၆
လက်ဘနွန်အခြေစိုက် ရှီးယားမွတ်စလင်အဖွဲ့ ဟစ်ဇ်ဘိုလာခေါင်းဆောင်က ဂါဇာကမ်းမြောင်တွင် ဆက်လက်တိုက်ခိုက်နေသမျှ ထပ်မံတိုက်ခိုက်မှု ဖြစ်ပေါ်လာနိုင်ကြောင်း အလေးပေးပြောကြားကာ အစ္စရေးကို လက်တုံ့ပြန်တိုက်ခိုက်မှု ပြီးမြောက်ကြောင်း ပြောကြားလိုက်သည်။
ဟစ်ဇ်ဘိုလာခေါင်းဆောင် ဟာဆန်နာစရယ်လာသည် တနင်္ဂနွေနေ့က ပြောကြားသော မိန့်ခွန်းတွင် ထိုကဲ့သို့ မှတ်ချက်ပြု ပြောကြားလိုက်ခြင်းဖြစ်သည်။ ဟစ်ဇ်ဘိုလာအဖွဲ့က ယင်းနေ့အစောပိုင်းတွင် အစ္စရေးအခြေစိုက်စခန်းများနှင့် အခြားသော စစ်ရေးပစ်မှတ်များကို ဒုံးကျည် ၃၄၀ ၊ ဒရုန်း ဒါဇင်ပေါင်းများစွာတို့ဖြင့် ပစ်လွှတ်တိုက်ခိုက်ခဲ့သည်။
ယင်းတိုက်ခိုက်မှုသည် ဇူလိုင်လက ဘေရွတ်တွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ၎င်းတို့၏ အကြီးတန်းတပ်မှူးတစ်ဦး သေဆုံးခဲ့မှုကို လက်တုံ့ပြန်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဟစ်ဇ်ဘိုလာအဖွဲ့က ပြောသည်။ စစ်ဆင်ရေးအောင်မြင်စွာ ပြီးမြောက်ကြောင်း နာစရယ်လာက အလေးပေးပြောကြားထားသော်လည်း ရလဒ်များ လုံလောက်မှုမရှိပါက ထပ်မံတိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းဖြင့် တုံ့ပြန်သွားမည်ဖြစ်ကြောင်း သတိပေးပြောကြား ခဲ့သည်။ ထို့ပြင် ဟစ်ဇ်ဘိုလာအဖွဲ့သည် ဂါဇာကို ဆက်လက်ပံ့ပိုးကူညီသွားမည်ဟုလည်း ပြောကြားသည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက အစ္စရေးတပ်မတော်သည် အစ္စရေးပြည်သူများနှင့် တပ်ဖွဲ့ဝင်များကို ရည်ရွယ်သော တာတိုပစ်ဒုံးကျည် ထောင်ပေါင်းများစွာကို ဖျက်ဆီးနိုင်ခဲ့ကြောင်း တနင်္ဂနွေနေ့တွင် ပြောသည်။ အခြားတစ်ဖက်တွင် အစ္စရေးထောက်လှမ်းရေး တာဝန်ရှိသူများသည် ဂါဇာတွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ဟားမားစ်အဖွဲ့က ဖမ်းဆီးထားသော ဓားစာခံများ ကို လွှတ်ပေးရေးတို့နှင့်ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးရန် အီဂျစ်နိုင်ငံသို့ ရောက်ရှိနေပြီဖြစ် ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ