မတ် ၁၈

ဂါဇာကမ်းမြောင်ဒေသတွင် ယနေ့မနက်စောပိုင်းက အစ္စရေးလေကြောင်းတိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်း ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း မီဒီယာကဖော်ပြထားသည်။

အစ္စရေးတပ်ဖွဲ့က ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်အဖွဲ့အား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့မနက်စောပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဟားမတ်စ်တို့က အပစ်အခတ်ရပ်စဲရေးသက်တမ်းတိုးရန်နှင့် ဓားစာခံများလွှတ်ပေးရန်ဟူသော အမေရိကန်၏အဆိုပြုချက်ကို လက်ခံရန်အကြိမ်ကြိမ်ငြင်းဆိုခဲ့မှုကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက သတင်းထုတ်ပြန်ခဲ့သည်။

အစ္စရေးအနေဖြင့် ဟားမတ်စ်တို့အပေါ် စစ်အင်အားဆက်လက်တိုးမြင့်လုပ်ဆောင်သွားမည်ဟု နေတန်ယာဟုက ပြောကြားသည်။

ဂါဇာဒေသတွင် ကလေးများအပါအဝင် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း ဆေးဘက်ဆိုင်ရာဝန်ထမ်း၏ ပြောကြားချက်ကိုကိုးကားပြီး ရိုက်တာသတင်းအေဂျင်စီနှင့် ကာတာအခြေစိုက်အယ်လ်ဂျာဇီရာ ရုပ်သံလွှင့်ဌာနက ဖော်ပြထားသည်။

အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်သက်တမ်းတိုးရန် အစ္စရေးနှင့်ဟားမတ်စ်တို့အကြား သဘောထားကွဲလွဲမှုများ ရှိနေပြီး အစ္စရေးတပ်ဖွဲ့က ဂါဇာဒေသအပေါ် ဒရုန်းများနှင့် အခြားသောလက်နက်များဖြင့် ရံဖန်ရံခါတိုက်ခိုက်မှုများ ရှိသော်လည်း ဇန်နဝါရီလကစတင်ခဲ့သောအပစ်ရပ်စဲရေးသဘောတူညီပြီးနောက်ပိုင်း ဂါဇာဒေသကို အစ္စရေးတို့၏ တိုက်ခိုက်မှုအကြီးမားဆုံးဖြစ်သည်ဟု ယူဆရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို