ဂျေရုဆလင်၊ အောက်တိုဘာ  

 

အစ္စရေးလေတပ်သည် လက်ဘနွန်နိုင်ငံနှင့် ဂါဇာဒေသတွင် ပြီးခဲ့သည့်တစ်ရက်အတွင်း လေကြောင်းတိုက်ခိုက်မှုများ  ဆောင်ရွက်ခဲ့ကြောင်း အစ္စရေးတပ်မတော်က ပြောကြားသည်။ လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာအဖွဲ့၏ ပစ်မှတ် ၁၈၅ ခုနှင့် ဂါဇာဒေသရှိ ဟားမတ်စ်အဖွဲ့၏ ပစ်မှတ် ၄၅ ခုကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာတွင် စစ်သွေး ကြွအများအပြား သေဆုံးပြီး လက်နက်သိုလှောင်ရုံများကို ဖျက်ဆီးနိုင်ခဲ့ကြောင်း အစ္စရေးတပ်မတော် က ထပ်လောင်းပြောကြားသည်။

 

အစ္စရေးတပ်မတော်သားများနှင့် ဟစ်ဇ်ဘိုလာ စစ်သွေးကြွအဖွဲ့များအကြား မြေပြင်တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ အစ္စရေးတပ်မတော်သည် စစ်သွေးကြွအဖွဲ့ဝင်များကို ချေမှုန်းရန်အတွက် အသင့်ပြင်ဆင် ထားကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

 

အစ္စရေးတပ်မတော်က လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ ဆင်ခြေဖုံးတွင် အောက်တိုဘာ ၈ ရက် က တိုက်ခိုက်မှုများဆောင်ရွက်ခဲ့ကြောင်း လက်ဘနွန် အမျိုးသား သတင်းအေဂျင်စီက ပြောကြားသည်။  လက်ဘနွန်နိုင်ငံတောင်ပိုင်းရှိ ဟစ်ဇ်ဘိုလာအဖွဲ့၏ မြေအောက်ဥမင်အတွင်းရှိ စစ်ဆင်ရေးဌာနချုပ်ကို အောက်တိုဘာ ၈ ရက်တွင် အစ္စရေးကတိုက်ခိုက်ခဲ့ရာ စစ်သွေးကြွ ၅၀ ခန့်သေဆုံးခဲ့ကြောင်း အစ္စရေးတပ်မတော်က ပြောကြားသည်။ ယင်းတိုက်ခိုက်မှုများအတွင်း ဟစ်ဇ်ဘိုလာအဖွဲ့၏ ခေါင်းဆောင်အချို့ သေဆုံးခဲ့ကြောင်း သိရသည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- စိုးသူရ