ဂျေရုဆလင် ဒီဇင်ဘာ ၁၉
အစ္စရေးနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၅ ဦး ထပ်မံတွေ့ရှိခဲ့ခြင်းကြောင့် အဆိုပါရောဂါ ကူးစက်ခံရသူပေါင်း ၁၃၄ ဦးရှိလာကြောင်း အစ္စရေး ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
အစ္စရေးနိုင်ငံ၌ အဆိုပါ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသူများအနက် ၈၆ ဦးသည် တောင်အာဖရိက၊ ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်ပြည်ထောင်စု၊ ယူအေအီး၊ ဟန်ဂေရီ၊ အီတလီ၊ နမီးဘီးယား၊ တန်ဇန်းနီးယား၊ ဂျာမနီ၊ မော်ရိုကို၊ စပိန်၊ ဆားဘီးယား၊ ဘယ်လ်ဂျီယံနှင့် တူရကီနိုင်ငံတို့မှ ရောက်ရှိလာသူများဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
အစ္စရေး၌ အိုမီခရွန်ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက် ခံရသူများအနက် ၂၈ ဦးသည် တောင်အာဖရိက၊ ယူအေအီး၊ ပြင်သစ်နှင့် ဗြိတိန်နိုင်ငံများမှလာသောခရီးသည်များနှင့် အနီးကပ် နေထိုင်ခဲ့သူများဖြစ်ပြီး ကျန်လူနာ ၂၀ သည် ပြည်တွင်း၌ ကူးစက်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် အစ္စရေးနိုင်ငံတွင် အိုမီခရွန်ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အားလုံးအနက် ၄၂ ဦးသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုမခံယူသူများ သို့မဟုတ် လွန်ခဲ့သည့် ခြောက်လကျော်က ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာသူများဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။ ကိုးကား - ဆင်ဟွာ၊
ဘာသာပြန် - အလင်းသစ်