ခြူးစန္ဒီနွေး - ရေးသားသည်
ဟားမားစ်တို့ ထိန်းချုပ်ထားတဲ့ ဂါဇာဒေသကနေ ဒုံးကျည်ပစ်ခတ်မှုကြောင့် အစ္စရေးနိုင်ငံမှာရှိတဲ့ နေအိမ် တစ်လုံးပေါ်ကို ကျရောက်ပြီး လူခုနစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အစ္စရေးနဲ့ ဟားမားစ်တို့ဟာ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ဒုံးကျည်တွေ ပစ်ခတ်နေကြပါပြီ။ ဒီလိုပစ်ခတ်မှုတွေကြောင့် အစ္စရေးနိုင်ငံ တောင်ပိုင်းမြို့ အက်စ်ဒရောက်မှာရှိတဲ့ နေအိမ်တစ်လုံး ပျက်စီးသွားပြီး ထိခိုက်ဒဏ်ရာရှိသူတော့ မရှိပါဘူး။
ပြန်အလှန်ပစ်ခတ်ကြ
အစ္စရေးနိုင်ငံရဲ့ ဒုံးခွင်းဒုံးကာကွယ်ရေးစနစ်တွေက ဒုံးကျည်တချို့ကို ပစ်ချနိုင်ခဲ့ပြီး တချို့သော ဒုံးကျည်တွေ ကတော့ လူမရှိတဲ့ ကွင်းပြင်ကျယ်တွေမှာ ကျရောက်ခဲ့ပါတယ်။ ဒီလိုအပြန်အလှန် ပစ်ခတ်ကြမှုတွေဟာ မတ် ၂၅ ရက်က ဂါဇာတောင်ပိုင်းကနေ ပစ်ခတ်လိုက်တဲ့ ဒုံးကျည်ဟာ မစ်ရှ်မီရတ်မြို့က နေအိမ်တစ်လုံးပေါ် ကျရောက်တာက အစပြုတာပါပဲ။ နေအိမ်အတွင်းမှာရှိတဲ့ လူခုနစ်ဦးစလုံး ဒဏ်ရာရရှိခဲ့ကြပါတယ်။ အဲဒီအိမ်ဟာ ဗြိတိန်နဲ့ အစ္စရေးနှစ်နိုင်ငံသားအဖြစ် ခံယူထားတဲ့ ရောဘတ်နဲ့ ဆူဆန်ဝို့ဖ်တို့ ပိုင်ဆိုင်တဲ့အိမ်ဖြစ်ပြီး အိမ်ထဲမှာ သား၊ ချွေးမ၊ မြေးလေးတို့နဲ့အတူ နေထိုင်ပါတယ်။ “အဲဒီနေ့က ကျွန်တော့်မိသားစု တစ်စုလုံးကို ဆုံးရှုံးရတော့မလို ဖြစ်သွားတယ်”လို့ မစ္စတာဝို့ဖ်က သတင်းထောက်များကို ပြောပါတယ်။ “အဲဒီနေ့က ကျွန်တော့်သားဟာ ဘောလုံးပွဲကြည့်ရင်း အိပ်ပျော်နေပါတယ်။ အဲဒီအချိန် နံနက် ၅ နာရီ ခွဲလောက်မှာ ဗုံးအချက်ပေးသံကို သားဖြစ်သူကကြားပြီး တစ်အိမ်လုံးကို လိုက်နှိုးလို့ ဗုံးခိုကျင်းထဲကို အရောက်သွားနိုင် ခဲ့တာပါ။ ကျွန်တော့်သားက တစ်အိမ်လုံးကို ကယ်လိုက်တာပါ”လို့ မစ္စတာဝို့ဖ်က ပြောပါတယ်။
ပြန်လည်တုံ့ပြန်မယ်
ဒုံးကျည်နဲ့ ပစ်ခတ်ခံရမှုကြောင့် နေအိမ်သာမက အနီးအနားမှာရှိတဲ့ ယာဉ်တွေပါ ပျက်စီးကုန်ပါတယ်။ အစ္စရေးတပ်ဖွဲ့ကတော့ ဟားမားစ်အုပ်စုဟာ တာဝေးပစ် ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဟားမားစ်အဖွဲ့ကတော့ ဒီတိုက်ခိုက်မှုကို သူတို့လုပ်တာ ဟုတ်တယ်လို့ ဝန်မခံသလို မဟုတ်ဘူးလို့လည်း မငြင်းပါဘူး။ အဲဒီနောက်မှာတော့ အစ္စရေးစစ်လေယာဉ်တွေဟာ ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ ဟားမားစ်တို့ကို အဓိက ပစ်မှတ်ထားပြီး တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အစ္စရေးမှာ ဒုံးကျည် ကျရောက်စဉ် အမေရိကန်ကိုရောက်နေတဲ့ ဝန်ကြီးချုပ် နေတန်ယာဟုကလည်း အမေရိကန်သမ္မတနဲ့ တွေ့ဆုံမှုအပြီး မပြန်ခင်မှာ အစ္စရေးဟာ ဒီလိုရန်စခံရမှုကို ငြိမ်နေမှာမဟုတ် ဘူး၊ ပြန်လည်လက်တုံ့ပြန်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
စတင်တိုက်ခိုက်
မတ် ၂၅ ရက်ကစပြီး ဂါဇာဒေသတစ်လွှားလုံး မှာဗုံးကြဲမှုတွေ ပေါ်ပေါက်ခဲ့တယ်လို့ ပါလက်စတိုင်းလုံခြုံရေး သတင်းအရင်းအမြစ်တွေ၊ သတင်းထုတ်ပြန်ချက်တွေ၊ မျက်မြင်သက်သေတွေက ပြောပါတယ်။ အစ္စရေး တပ်ဖွဲ့ရဲ့ တိုက်ခိုက်ရေးလေယာဉ်တွေဟာ ဟားမားစ်တို့ရဲ့ ပြည်တွင်း လုံခြုံရေးရုံးကို ပစ်မှတ်ထားပြီး တိုက်ခိုက် မှုတွေ ပြုလုပ်ခဲ့တယ်လို့ အစ္စရေးတပ်ဖွဲ့က ပြောပါတယ်။ ဒါ့အပြင် ဂါဇာမြို့အရှေ့ပိုင်း ဆာဗရာခရိုင်မှာရှိတဲ့ သုံးထပ်အဆောက်အအုံကို တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီအဆောက်အအုံဟာ ဟားမားစ်လုံခြုံရေးတပ်ဖွဲ့ ရဲလျှို့ဝှက်ဌာနချုပ်ဖြစ်ပြီး အထွေထွေ စုံစမ်းစစ်ဆေးရေးနဲ့ စုံစမ်းထောက်လှမ်းရေး အေဂျင်စီတို့ရှိရာ နေရာလည်း ဖြစ်ပါတယ်။ ပါလက်စတိုင်းဘက်က သတင်းထုတ်ပြန်ရာမှာတော့ အစ္စရေး တိုက်လေယာဉ်တွေ ဂါဇာမြို့ အလယ်ပိုင်းနဲ့ ရှုဂျိုင်ရာခရိုင် အရှေ့ပိုင်းတို့ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အစ္စရေးဘက်က ပစ်ခတ်မှုကြောင့် ခုနစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဂါဇာဒေသ ကျန်းမာရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ အရှာရက်ဖ်အယ်ကူဒါက ပြောပါတယ်။
ဗုံးခိုကျင်းတွေဖွင့်
ဒီလိုတိုက်ခိုက်မှုတွေ မစတင်ခင် အစ္စရေးတပ်ဖွဲ့ဟာ အစ္စရေးနိုင်ငံတောင်ပိုင်းမှာ တပ်မနှစ်ခုကို တပ်ဖြန့်ချထား ခဲ့ပါတယ်။ ဂါဇာနယ်စပ်အနီးမှာရှိတဲ့ လမ်းတွေကိုလည်း အစ္စရေးတို့က ပိတ်ဆို့လိုက်ပါတယ်။ အဲဒီနားမှာရှိတဲ့ လယ်ယာ လုပ်ငန်းတွေကိုလည်း ရပ်ဆိုင်းလိုက်ပါတယ်။ နောက်ပြီးတော့ ဗုံးခိုကျင်းတွေကိုလည်း ဖွင့်ထားပါ တယ်။ အစ္စရေးနိုင်ငံရဲ့ ရွေးကောက်ပွဲဟာလည်း ဧပြီလအတွင်းမှာ ပြုလုပ်တော့မှာဖြစ်လို့ ဝန်ကြီးချုပ် တာဝန်သာမက ကာကွယ်ရေးဝန်ကြီး တာဝန်ပါယူထားတဲ့ မစ္စတာနေတန်ယာဟုအတွက်တော့ အခုကိစ္စဟာ စိန်ခေါ်မှုတစ်ရပ်ပါ။ သူနောက်တစ်ကြိမ်ပြန်ပြီး အရွေးခံရမှာလား၊ မခံရဘူးလား ဆိုတာကို အထောက်အပံ့ ပေးနိုင်တဲ့ ကိစ္စလည်း ဖြစ်သွားနိုင်ပါတယ်။ ၂၀၁၄ ခုနှစ် နွေရာသီတုန်းက အဆုံးသတ်ခဲ့တဲ့ အစ္စရေး-ဟားမားစ် ပဋိပက္ခအပြီး နှစ်ဖက်စလုံးဟာ နောက်ထပ် ပဋိပက္ခတွေ ထပ်မဖြစ်ချင်ကြတော့ပါဘူး။
ရှုတ်ချကြ
ဒါပေမယ့်လည်း မစ္စတာနေတန်ယာဟုရဲ့ နိုင်ငံရေး ပြိုင်ဘက်တွေကတော့ နေတန်ယာဟုဟာ ပြတ်ပြတ် သားသား ဆုံးဖြတ်ချက် မရှိဘူးဆိုပြီး ရှုတ်ချကြပါတယ်။ အမျိုးသား လုံခြုံရေးအတွက် အခုလိုဟားမားစ်တို့ကို ပြန်လည်တုံ့ပြန် တာဟာ မစ္စတာနေတန်ယာဟုရဲ့ နိုင်ငံရေးဂုဏ်သိက္ခာကို အကာအကွယ်ပေးနိုင်သလို ပဋိပက္ခဖြစ်ပွားမှု ကာလကြာရှည် သူပြန်ရင်လည်း အစ္စရေးဟာ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခံရမှု အောက်မှာ အပျက်အစီးတွေ များလာနိုင်ပြီး သူ့ရဲ့နိုင်ငံရေး မဲဆွယ်မှုတွေကို ထိခိုက်လာစေနိုင်ပါတယ်။ ဘယ်အရာမှ အလွန်အကျွံမဖြစ်စေဘဲ ဘက်မျှဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့်လည်း ဟားမားစ်ဘက်က အဆင့်မြင့် ခေါင်းဆောင် တွေရဲ့ နေရာတွေကို ရွေးတိုက်ခိုက်တာ ဖြစ်နိုင်ပါတယ်။ အစ္စရေးတပ်ဖွဲ့တွေဟာ ဟားမားစ် ခေါင်းဆောင် အစ္စမေးလ် ဟနီညာရဲ့ရုံးကို ဗုံးကြဲခဲ့ကြပါတယ်။ အသေအပျောက်စာရင်း ကတော့ အခုအချိန်ထိ နှစ်ဖက်စလုံးမှာ မရှိသေးပါဘူး။ နေတန်ယာဟုဟာ လာဘ်ယူမှု အပါအဝင် တခြားသော အကျင့်ပျက် ခြစားမှု စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရပေမယ့် သူ့ကိုယ်သူ အစ္စရေးနိုင်ငံ လုံခြုံရေးအတွက် အရေးပါတဲ့သူလို့ သတ်မှတ်ထားပါတယ်။ အခုလာမယ့် ရွေးကောက်ပွဲမှာ သူ့ရဲ့အဓိက ပြိုင်ဘက်ကတော့ ဘန်နီဂန့်ဆိုသူဖြစ်ပြီး သူဟာလည်း စစ်မှုထမ်းဟောင်းတစ်ဦး ဖြစ်ပါတယ်။ မစ္စတာနေတန်ယာဟု အနေနဲ့ ဘန်နီနဲ့ ယှဉ်ပြိုင်ရာမှာ အကြိတ်အနယ် ယှဉ်ပြိုင်ရမှာပဲဖြစ်ပါတယ်။ မစ္စတာဘန်နီ ဝါရှင်တန်ကို သွားရောက် စဉ်ကလည်း ဂါဇာဒေသ အခြေအနေ ပိုမိုဆိုးရွားလာစေတဲ့အတွက် မစ္စတာနေတန်ယာဟုကို အပြစ်တင်ခဲ့ပါတယ်။
ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရ
အခုအစ္စရေးနဲ့ ဟားမားစ်တို့ အပြန်အလှန် ပစ်ခတ်နေမှုနဲ့ ပတ်သက်ပြီးလည်း ကုလသမဂ္ဂဌာနချုပ်မှာ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာအန်တိုနီယိုဂူတာရက်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတက်ဖိန်ဒူဂျာရစ်က နှစ်ဖက်စလုံးကို ထိန်းချုပ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ အစ္စရေးနိုင်ငံအတွင်း ကျရောက်ခဲ့တဲ့ ဒုံးကျည်နဲ့ ပတ်သက်ပြီးလည်း အစ္စရေးတပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမီကာလစ်ရှစ်က “ဒီဒုံးကျည်ဟာ ဟားမားစ်တို့ ထုတ်လုပ်ထားတာ သေချာပါတယ်။ ဂါဇာ ကမ်းမြောင်ဒေသ တောင်ဘက်ဖျားပိုင်းကနေ ပစ်ခတ်လိုက်တဲ့ ဒုံးကျည်ပါ” လို့ ပြောခဲ့ပါတယ်။ ဂါဇာဒေသမှာဆိုရင်လည်း ဟားမားစ်အဖွဲ့ဟာ ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင် နေရပါတယ်။ ဒေသအတွင်း လူနေမှု အဆင့်အတန်း ဆိုးရွားလာမှုနဲ့ပတ်သက်ပြီး ဆန္ဒပြကြသူတွေကို ဟားမားစ်အဖွဲ့က အကြမ်းဖက် နှိမ်နင်းခဲ့တဲ့အတွက် ပြင်းထန်တဲ့ ဝေဖန်မှုတွေအောက် ရောက်နေရတာပါ။ ဒီလိုပါပဲ မစ္စတာနေတန်ယာဟုဟာလည်း နိုင်ငံရေး ပြိုင်ဘက်တွေရဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရတာပါ။ နေတန်ယာဟုက ဟားမားစ်တွေကို တိုက်ခိုက်ဖို့ပျက်ကွက်ခဲ့တာကြောင့် အစ္စရေးရဲ့အဟန့်အတားတွေ ပြိုပျက်ကုန်ရတာဆိုပြီး နိုင်ငံရေးပါတီတွေက ဝိုင်းဝန်းအပြစ်ဖို့ကြပါတယ်။
လက်စားမချေချင်
မစ်ရှ်မီရတ်မြို့က မစ္စတာဝို့ဖ်ရဲ့ နေအိမ်ဒုံးကျည်ကြောင့် ပျက်စီးသွားရပြီးတဲ့နောက်မှာတော့ မစ္စတာဝို့ဖ်က “ကျွန်တော် နိုင်ငံရေးအကြောင်း မပြောချင်ပါဘူး။ ကျွန်တော့် ကြောင့် ဘယ်သူ့ကိုမှလည်း မသေစေချင်ပါဘူး။ လက်စားချေ တာမျိုး ဘယ်တော့မှမလုပ်ချင်ပါဘူး”လို့ ပြောခဲ့ပါတယ်။
ကိုးကား - နယူးယောက်တိုင်းမ်၊ ဘီဘီစီ