တဲလ်အဗစ်၊ ဖေဖော်ဝါရီ ၂၅

အစ္စရေးပြည်သူများက ဟားမတ်စ်တို့ ဖမ်းဆီးထားသော ဓားစာခံများကို အမြန်ဆုံးပြန်လွှတ်ပေးရန် အတွက် အစ္စရေးနိုင်ငံ၏ အကြီးဆုံးစီးပွားရေးမြို့တော် တဲလ်အဗစ်၌ ယနေ့ဆန္ဒထုတ်ဖော်ကြကြောင်း သိရသည်။

ဓားစာခံများ ပြန်လည်လွတ်မြောက်ရေး ဆန္ဒထုတ်ဖော်သူများသည် ဓားစာခံများ ပြန်လည်လွတ်မြောက်ရေးအတွက် ထိရောက်စွာ ညှိနှိုင်းဆွေးနွေးရန် ဝန်ကြီးချုပ်နေတန်ယာဟုအား တောင်းဆိုသည့် စာတန်းများကို ကိုင်ဆောင်ကာ လမ်းမများပေါ်တွင် စုဝေးခဲ့ကြသည်။ ဆန္ဒထုတ်ဖော်သူ အချို့သည်  ရဲတပ်ဖွဲ့မှ သတ်မှတ်ထားသော အတားအဆီးများကို ဖယ်ရှားရန် ကြိုးစားခဲ့ကြပြီး ရဲအရာရှိများနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။

ဟားမတ်စ်တို့ ဖမ်းဆီးထားသည့် ဓားစာခံများအနက် ၎င်း၏သူငယ်ချင်းတစ်ဦးပါဝင်ကြောင်း ဆန္ဒထုတ်ဖော်သူ တစ်ဦးက ပြောကြားသည်။ စေ့စပ် ညှိနှိုင်းမှု အခြေအနေများမှာ နှေးကွေးလွန်းပြီး ဓားစာခံများ လွတ်မြောက်ရေးကို စစ်ရေးအရ ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း ၎င်းကပြောကြားသည်။ စေ့စပ်ညှိနှိုင်းမှုများ ဆောင်ရွက်လျက်ရှိသော်လည်း အစ္စရေးတပ်ဖွဲ့ဝင်များသည် ဂါဇာကမ်းမြောင်ဒေသရှိ နေရာအနှံ့အပြား၌ စစ်ဆင်ရေးဆင်နွှဲမှုများကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိသည်။

လွန်ခဲ့သည့် ၂၄ နာရီအတွင်း ၉၂ ဦး သေဆုံးခဲ့ပြီး လက်ရှိအချိန်အထိ ပါလက်စတိုင်းသေဆုံးသူပေါင်း ၂၉၆၀၆ ဦးအထိ ရှိခဲ့ကြောင်း ဂါဇာရှိ ကျန်းမာရေး အာဏာပိုင်များက ပြောကြားသည်။ တိုက်ပွဲများ ယာယီရပ်တန့်ရန်နှင့် ဓားစာခံများ ပြန်လွှတ်ပေးရေးဆိုင်ရာ သဘောတူညီချက်အတွက် ဆွေးနွေးပွဲတစ်ရပ်ကို ပြင်သစ်နိုင်ငံ ပါရီမြို့၌ ဖေဖော်ဝါရီ ၂၄ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အမေရိကန်၊ အီဂျစ်နှင့် ကာတာနိုင်ငံတို့သည် ဓားစာခံများ ထပ်မံလွှတ်ပေးရေးအတွက် စေ့စပ် ညှိနှိုင်းရေးများကို လုပ်ဆောင်လျက်ရှိသည်။ သို့သော် ဝန်ကြီးချုပ် နေတန်ယာဟုက အပြီးတိုင်အပစ်အခတ်ရပ်စဲရေးအတွက် ဟားမတ်စ်အဖွဲ့၏ တောင်းဆိုချက်များကို ပယ်ချခဲ့ကြောင်း သိရသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်