ဂျေရုဆလင် ဒီဇင်ဘာ ၂၀

 

အစ္စရေးနိုင်ငံသည် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ကြိုတင်ကာကွယ်ရန်အတွက် နိုင်ငံပေါင်း ၁၀ နိုင်ငံကျော်သို့ ခရီးသွားလာခြင်းကို တားမြစ်ပိတ်ပင်လိုက်ကြောင်း အစ္စရေးကျန်းမာရေး ဝန်ကြီးဌာနက ဒီဇင်ဘာ ၁၉ ရက်တွင် ကြေညာခဲ့သည်။

 

ယင်းသို့ ခရီးသွားလာခြင်းဆိုင်ရာ တားမြစ်ပိတ်ပင်ခြင်းသည် ဒီဇင်ဘာ ၂၂ ရက်တွင် စတင်အသက်ဝင်မည် ဖြစ်ကြောင်းနှင့် ခရီးသွားလာခြင်း ပိတ်ပင်မည့် နိုင်ငံများစာရင်းတွင် အမေရိကန်၊ အီတလီ၊ ဘယ်လ်ဂျီယံ၊ ဂျာမနီ၊ ဟန်ဂေရီ၊ မော်ရိုကို၊ ပေါ်တူဂီ၊ ကနေဒါ၊ ဆွစ်ဇာလန်နှင့် တူရကီနိုင်ငံ တို့လည်း ပါဝင်ကြောင်း သိရသည်။ ယင်းနိုင်ငံများကို အစ္စရေးနိုင်ငံက ခရီးသွားလာခြင်း ပိတ်ပင်ထားသည့် အနီရောင်အဆင့် နိုင်ငံများစာရင်းတွင် ထည့်သွင်းလာခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

ခရီးသွားလာခြင်းပိတ်ပင်ထားသည့် အနီရောင်အဆင့် နိုင်ငံများစာရင်းတွင် အာဖရိကနိုင်ငံအများစု၊ ဥရောပနိုင်ငံ ရှစ်နိုင်ငံနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုတို့လည်း ပါဝင်ကြောင်း သိရသည်။ အဆိုပါ ခရီးသွားလာခြင်း ပိတ်ပင်ခံထားရသည့် နိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် အစ္စရေးနိုင်ငံသား များအားလုံးသည် အနည်းဆုံး ခုနစ်ရက်ကြာ သီးသန့်ခွဲထား စောင့်ကြည့်မှုခံယူရမည်ဖြစ်ကြောင်းလည်း သိရသည်။

 

အစ္စရေးနိုင်ငံ၌ ယနေ့အထိ အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်ခံရသူစုစုပေါင်း ၁၃၄ ဦးရှိသွားပြီ ဖြစ်ကြောင်းနှင့် ယင်းတို့အနက် ၈၆ ဦးသည် မကြာသေးမီကာလအတွင်းက ပြည်ပမှ ပြန်လည် ရောက်ရှိလာသူများဖြစ်ကြောင်း အစ္စရေးကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။

 

ကိုးကား - ဆင်ဟွာ၊

ဘာသာပြန် - အလင်းသစ်