မန္တလေး ၁၂ ဇန်နဝါရီ

 

မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံသံမတ်ကြီး H.E. Mr. Ronen Gilor သည် ယမန်နေ့မွန်းလွဲ ၂ နာရီက ရတနာပုံစူပါစင်တာ စတုတ္ထထပ်ရှိ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်ရှင်များ အသင်းရုံးသို့ ရောက်ရှိပြီး သံတမန်ခန်းမတွင် အသင်းဥက္ကဋ္ဌ ဦးကျော်မင်း၊ အထွေထွေအတွင်းရေးမှူး ဦးဥက္ကာကျော်နှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံရာတွင် သံအမတ်ကြီးက အစ္စရေးနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အရည်အသွေးမြှင့်တင်ရေး၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များ၊ ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ပေးနေမှုတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

 

mdn

 

၎င်းနောက် အစည်းအဝေးခန်းမတွင် တွေ့ဆုံပွဲကို ဆက်လက်ပြုလုပ်ရာ အသင်းဝင်များ၊ စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့များနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ပြီး သံအမတ်ကြီးနှင့် အစ္စရေးနိုင်ငံ Desert Agro-Research Center, Ramat Negev International Training Center for Advanced Agriculture မှ Ramat Negev International Training Program ၏ မန်နေဂျာ Mr.Alon Melchior တို့က စိုက်ပျိုးရေး၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အရည်အသွေးမြှင့်တင်ရေး၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များ၊ အဆင့်မြင့်စိုက်ပျိုးရေး ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများအကြောင်းကို အသေးစိတ် ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသူများ၏  သိရှိလိုသည်များ မေးမြန်းမှုကို ပြန်လည်ရှင်းလင်းဖြေကြားသည်။

 

အစ္စရေးနိုင်ငံအနေဖြင့် မြန်မာနိုင်ငံရှိ စိုက်ပျိုးရေးလုပ်ငန်းများတွင် အများဆုံး ရင်းနှီးမြှုပ်နှံလျက်ရှိပြီး မွေးမြူရေးနှင့် နို့ထွက်ပစ္စည်းလုပ်ငန်းများတွင် ဆက်လက်ဆောင်ရွက်ရန် စီစဉ်လျက်ရှိကာ အစ္စရေးစီးပွားရေးလုပ်ငန်း ကုမ္ပဏီ (၈၆)ခုမှ ရင်းနှီးမြှုပ်နှံများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

တင်မောင်(မန်းကိုယ်ပွား)