ဂျေရုဆလင်   နိုဝင်ဘာ   ၃

အစ္စရေးနှင့် လက်ဘနွန်အခြေစိုက် .ရှီးယိုက်မွတ်စလင်အဖွဲ့ ဟစ်ဇ်ဘိုလာတို့အကြား တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည့်အတွက် အပစ်အခတ် ရပ်စဲရေးမျှော်လင့်ချက်မှာ မရေမရာဖြစ်ပွားလျက်ရှိသည်။

လက်နက်ထုတ်လုပ်ရေးအဆောက်အအုံများအပါအဝင် ဘေရွတ်ဒေသရှိ ဟစ်ဇ်ဘိုလာပစ်မှတ်များကို လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း အစ္စရေးတပ်မတော်က နိုဝင်ဘာ ၁ ရက် တွင် ပြောသည်။ ထို့ပြင် လက်ဘနွန်တောင်ပိုင်းရှိ ဟစ်ဇ်ဘိုလာစစ်ဘက်ဆိုင်ရာနေရာများကိုလည်း တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၂ ရက်က ဟစ်ဇ်ဘိုလာ၏ ဒုံးကျည်ပစ်ခတ်တိုက်ခိုက်မှုကြောင့် အစ္စရေးအလယ်ပိုင်း ထိုက်ရာမြို့တွင် ၁၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ထို့အပြင် ဟစ်ဇ်ဘိုလာအဖွဲ့သည် နိုဝင်ဘာ ၂ ရက်တွင် နိုင်ငံတောင်ပိုင်း တဲလ်အဗီးမြို့ရှိ လေတပ်အခြေစိုက်စခန်းတစ်ခုကိုလည်း ဒရုန်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကဆိုင်ရာ ညှိနှိုင်းရေးမှူး ဘရတ်မက်ဂါးခ်အပါအဝင် အမေရိကန် တာဝန်ရှိသူများသည် အောက်တိုဘာ ၃၁ ရက်တွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

၎င်းတို့သည် အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ဖွယ်ရှိသော်လည်း ဟစ်ဇ်ဘိုလာအဖွဲ့က သဘောတူညီမှုမရခင် ဂါဇာကမ်းမြောင်တွင် အပစ်အခတ်ရပ်စဲရန် လိုအပ်သည်ဆိုသည့်သဘောထားကို ဆက်လက်စွဲကိုင်ထားသည်။

အင်န်အိတ်ချ်ကေ