ဂျေရုဆလင်၊ နိုဝင်ဘာ ၂၈
ဟားမတ်စ်အဖွဲ့သည် အစ္စရေးနှင့် လေးရက်ကြာ အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးရန် ကြိုးပမ်းလျက်ရှိကြောင်း ဟားမတ်စ်၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဒေသဆိုင်ရာ မီဒီယာက ယမန်နေ့သတင်းဖော်ပြသည်။
ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် နိုဝင်ဘာ ၂၇ ရက် ညပိုင်းက ပြီးဆုံးပြီဖြစ်သည်။ အစ္စရေးနိုင်ငံ၌ အကျဉ်းကျနေသော ပါလက်စတိုင်းနိုင်ငံသားများ ထပ်မံပြန်လည် လွတ်မြောက်လာစေရေးအတွက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို သက်တမ်းတိုးရန် ဟားမတ်စ်အဖွဲ့က မျှော်လင့်လျက်ရှိသည်။
ဂါဇာကမ်းမြောင်ဒေသ၌ လေးရက်ကြာ အပစ်အခတ်ရပ်စဲရေးတွင် ကယ်ဆယ်ရေးနှင့် လောင်စာဆီများ သယ်ဆောင်လာသော ကယ်ဆယ်ရေး ထရပ်ကားများသည် ရာဖာနယ်စပ်ဖြတ်ကျော်ကာ ဂါဇာသို့ ရောက်ရှိခဲ့သည်။
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ဟားမတ်စ်က ဓားစာခံအမျိုးသမီးများနှင့် အရွယ်မရောက်သေးသူ ကလေးငယ် စုစုပေါင်း ၅၀ ကို လွှတ်ပေးမည်ဟု ကတိပြုခဲ့သည်။
ယာယီအပစ်အခတ်ရပ်စဲရေး တတိယမြောက်နေ့တွင် ဓားစာခံများကို တတိယသုတ်အဖြစ် နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ လက်သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ၎င်းတို့အနက် အစ္စရေးနိုင်ငံသား ၁၄ ဦးနှင့် နိုင်ငံခြားသား သုံးဦးတို့ပါဝင်သည်။
အပြန်အလှန်အားဖြင့် ပါလက်စတိုင်း အမျိုးသမီးနှင့် ကလေး ၁၅၀ ခန့်ကို အစ္စရေးအကျဉ်းထောင်များမှ လွှတ်ပေးမည်ဟု အစ္စရေးတပ်မတော်က ကတိပြုခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်