နွယ်နီလင်း

 

ဂါဇာမြို့ အနောက်ဘက်ပိုင်းရှိ တဲလ်ဟာဝါ ရပ်ကွက်တွင် နေထိုင်သည့် အသက် ၁၀နှစ် အရွယ် ပါလက်စတိုင်းမိန်းကလေး အက်စ်မာ အယ်လ် နစ်ဂျာသည် ၎င်းတို့၏ နေအိမ်နှင့်ကပ်လျက်ရှိ တိုက်ခန်းတစ်ခန်းကို အစ္စရေးတိုက်လေယာဉ်များက ဗုံးကြဲလိုက်ပြီးနောက် ၎င်း၏ စိတ်သန္တာန်တွင် ကြောက်ရွံ့ထိတ်လန့်မှုများသာ လွှမ်းမိုးနေခဲ့သည်။

 

နောက်ဆုံးရရှိသည့်အချက်အလက်များအရ ဩဂုတ် ၅ ရက်က စတင်ခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုများ အတွင်း အဆောက်အအုံများစွာ ထိခိုက်ပျက်စီးသွားခဲ့ပြီး ကလေးခြောက်ဦးအပါအဝင် ထိခိုက်ဒဏ်ရာ ရရှိသူ ၂၆၅ ဦးရှိပြီဖြစ်ကြောင်း ကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်နေသည့် ပါလက်စတိုင်း ကျန်းမာရေး အာဏာပိုင်များက ဆိုသည်။

 

ယခုအကြိမ် တိုက်ခိုက်မှုများသည် ပြီးခဲ့သည့်နှစ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများအပြီး အဆိုးရွားဆုံး အခြေအနေတွင်ရှိပြီး ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်း ၂ ဒသမ ၃ သန်း ခန့် ဘေးလွတ်ရာ ဒုံးကျည်အကာအကွယ်များ အောက်တွင်သာ နေထိုင်နေကြရသည်။

 

အနောက်နိုင်ငံအများအပြားက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသော အီရန်ကျောထောက် နောက်ခံပြု အဖွဲ့အစည်းတစ်ခုဖြစ်သည့် အစ္စလာမ္မစ် ဂျီဟတ်အဖွဲ့အား အစ္စရေးဘက်မှ လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုများနှင့်အတူ ဒုံးကျည် ၅၀၀ ကျော် ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

 

အစ္စရေးဘက်မှ ဂါဇာကမ်းမြောင်ဒေသရှိ အစ္စလာမ္မစ်ဂျီဟတ်အဖွဲ့၏ စစ်ဘက်ဆိုင်ရာ ထိပ်တန်း ခေါင်းဆောင်ဖြစ်သူကို ရှင်းလင်းနိုင်ခဲ့ကြောင်းနှင့် စစ်ဆင်ရေးကို လိုအပ်သလို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ယာရ်လာပစ် က ဩဂုတ် ၇ ရက်တွင် ကတိပြု ပြောကြားသည်။

 

ဟားမားစ် ဦးစီးသည့် အစ္စလာမ္မစ် ဂျီဟတ် အဖွဲ့က ဂါဇာရှိ ၎င်းတို့၏ အစ္စလာမ္မစ်ဂျီဟတ်အဖွဲ့များသည် တစ်သားတည်း စည်းလုံးညီညွတ်သည်ဟု ကြွေးကြော်ခဲ့ကြပြီး တိုက်ခိုက်မှုများအတွင်း လူပေါင်း ၃၁ ဦး သေဆုံးခဲ့ပြီဖြစ်ကြောင်း ဩဂုတ် ၇ ရက်တွင် ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့သည်။

 

အစ္စလာမ္မစ်ဂျီဟတ်အဖွဲ့မှ ပစ်လွှတ်လိုက်သည့် ဒုံးကျည်ကြောင့် ဂါဇာမြောက်ပိုင်း၊ ဂျာဘာလီယာတွင် ကလေးငယ်အများအပြား သေဆုံးမှုအတွက် လုံးဝတာဝန်ယူရမည်ဖြစ်ပြီး ငြင်း၍မရနိုင်သည့် သက်သေအထောက်အထား များစွာရရှိထားကြောင်း အစ္စရေးဘက်ကလည်း ဩဂုတ် ၆ ရက်က ပြန်လည် တုံ့ပြန်လိုက်သည်။

 

“ကျွန်တော်တို့ လမ်းပေါ်မှာ ထိုင်နေတုန်းမှာပဲ ရုတ်တရက်ပေါက်ကွဲမှုဖြစ်တာကို တွေ့လိုက်ရတယ်။ အဲဒီနောက် ပြေးရင်းလွှားရင်းနဲ့ ပေါက်ကွဲမှုဖြစ်တဲ့ နေရာရဲ့ မြေပြင်ပေါ်မှာ စုတ်ပြတ်နေတဲ့ ကလေးငယ် အလောင်းတွေကို တွေ့လိုက်ရတယ်”ဟု ဂျာဘာ လီယာ ပေါက်ကွဲမှုအနီးတွင် ရှိနေသူ မိုဟာမက် အဘူ ဆာဒါးက ဆိုသည်။

 

ပစ်မှတ်ထားတိုက်ခိုက်

 

အစ္စလာမ္မစ် ဂျီဟတ်စခန်း ၁၃၉ ခုကို အစ္စရေးဘက်မှ တိုက်ခိုက်နိုင်ခဲ့ပြီး ဂါဇာဘက်ရှိ စစ်သွေးကြွများ ဘက်မှနေပြီး အစ္စရေးနိုင်ငံအတွင်းသို့ ဖြတ်ကျော်လာသော ဒုံးကျည် ၄၇၀ ကို ပစ်ချနိုင်ခဲ့သည်။ နောက်ထပ်ဒုံးကျည် ၁၁၅ စင်းမှာ နယ်မြေအတွင်း ကျရောက်ခဲ့သည်။

 

အစ္စလာမ္မစ်ဂျီဟတ်၏ စစ်ဘက်မှ အယ်လ်ကွတ်ဒ်တပ်ဖွဲ့က ဂျေရုဆလင်ကို ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး ပစ်ခတ်ချိန်တွင် ဥသြဆွဲသံများနှင့် ပေါက်ကွဲသံများ ကြားနေရသည်ဟု ဆိုသည်။

 

အစ္စရေးက ၎င်းတို့၏ Iron Dome လေကြောင်းရန် ကာကွယ်ရေးစနစ်က ဒုံးကျည် ၁၈၅ စင်းကို ကြားဖြတ်ဟန့်တားခဲ့ပြီး ဒုံးကျည်များကို ဟန့်တားရာတွင် ၉၇ ရာခိုင်နှုန်းအထိ အောင်မြင်ခဲ့ကြောင်း အစ္စရေးဘက်က ပြောကြားသည်။

 

“အစ္စရေးနိုင်ငံသားတွေကို ထိခိုက်နာကျင်အောင်လုပ်တဲ့ ဘယ်သူမဆို နစ်နာလိမ့်မယ်” ဟု ကာကွယ်ရေးဝန်ကြီး ဘန်နီ ဂန့်ဇ် က သတိပေး ပြောကြားလိုက်သည်။

 

အီဂျစ်သမ္မတ အဘ်ဒယ် ဖာတာ အယ်လ် စီစီ က အကြမ်းဖက်မှုများကို ဖြေလျှော့နိုင်‌ရေးအတွက် နှစ်ဖက်စလုံးကို ကြားဝင်စေ့စပ် ညှိနှိုင်းပေးနေသော်လည်း အကြမ်းဖက်တိုက်ခိုက်နေမှုများနှင့် ခြိမ်းခြောက်မှုများ အားလုံးကို ဖယ်ရှားနိုင်သည်အထိ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဂန့်ဇ် က ပြောကြားခဲ့သည်။

 

ဂါဇာမြို့တော်ရှိ တေဆာ အယ်လ် ဂျာဘရီ နှင့် ရာဖာဒေသ တောင်ပိုင်းရှိ ခါလစ် မန်ဆူရ်အပါအဝင် ဂါဇာရှိ အစ္စလာမ္မစ် ဂျီဟတ်အဖွဲ့၏ အကြီးတန်း ခေါင်းဆောင်များကို သတ်ဖြတ်ခဲ့ကြောင်း၊ အနောက် ဘက်ကမ်းတွင် အဖွဲ့ဝင် ၂၀ ကိုလည်း ဖမ်းဆီးထားကြောင်း အစ္စရေးဘက်က သတင်းထုတ်ပြန်ထားသည်။

 

ဂါဇာကမ်းမြောင်တောင်ပိုင်း ရာဖာဒေသအား အစ္စရေးဘက်မှ ပြုလုပ်သည့် လေကြောင်းတိုက်ခိုက် မှုအတွင်း ပါလက်စတိုင်း အစ္စလာမ္မစ်ဂျီဟတ် လှုပ်ရှားမှုအဖွဲ့၏ အကြီးတန်းတပ်မှူး ခါလစ် မန်ဆူရ် သေဆုံးကြောင်း ဩဂုတ် ၇ ရက်တွင် အတည်ပြုခဲ့သည်။ အစ္စရေးဘက်မှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပျက်အစီးများကို နာရီပေါင်းများစွာ တူးဖော်ပြီးနောက် မန်ဆူရ်၏ ရုပ်အလောင်းနှင့် ၎င်း၏ အပေါင်းအဖော်အချို့၏ ရုပ်အလောင်းများကို အရပ်ဘက် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက တွေ့ရှိခဲ့ကြောင်း ပါလက်စတိုင်း အစ္စလာမ္မစ်ဂျီဟတ်အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ဂါဇာကမ်းမြောင်ဒေသရှိ နေ့စဉ်လူနေမှုဘဝသည် ကျပ်တည်းနေပြီး လောင်စာဆီပြတ်လပ်မှုကြောင့် တစ်ခုတည်းသော ဓာတ်အားပေးစက်ရုံကိုလည်း ပိတ်ပစ်ခဲ့ရသည်။ အလားတူ ဂါဇာကမ်းမြောင် ဒေသ၏ ကျန်းမာရေးဝန်ကြီးဌာနက လာမည့်နာရီ အနည်းငယ်အတွင်း လျှပ်စစ်မီးမရှိတော့လျှင် အရေးကြီးသော ဝန်ဆောင်မှုများ ရပ်ဆိုင်းသွားမည့် အန္တရာယ်ရှိကြောင်း သတိပေးထားသည်။

 

ဂါဇာမြို့တော်တွင် နေထိုင်သူ ဒွန်နီယာ အစ္စမေးက အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုသည် “ကြောက်ရွံ့မှု၊ စိုးရိမ်ပူပန်မှုနှင့် ကျွန်ုပ်တို့အားလုံး အထီးကျန်နေသည့် ခံစားချက်ကို ပြန်လည်ရရှိစေသည်” ဟု ပြောသည်။

 

အစ္စရေးနိုင်ငံတောင်ပိုင်းနှင့် အလယ်ပိုင်းရှိ အရပ်သားများမှာလည်း လေကြောင်းတိုက်ခိုက်မှုအတွင်း လေကြောင်းရန် အကာအကွယ်များအောက်တွင် ခိုလှုံနေကြရပြီး လူနှစ်ဦးမှာ ဒဏ်ရာများဖြင့် ဆေးရုံတင်ထားရကာ အခြား ၁၃ ဦးမှာလည်း ဘေးလွတ်ရာသို့ ပြေးလာစဉ် ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း မာဂျင် ဒေးဗစ်အာဒမ် အရေးပေါ်ဌာန မှ ပြောကြားသည်။

 

အစ္စလာမ္မစ်ဂျီဟတ်အဖွဲ့သည် ဟားမားစ်တို့နှင့် မဟာမိတ်ဖွဲ့ထားပြီး ဟားမားစ်အဖွဲ့နှင့် လွန်ခဲ့သည့် မေလက ဖြစ်ပွားခဲ့သည့် ပဋိပက္ခအပါအဝင် ၂၀၀၇ ခုနှစ်နောက်ပိုင်း အစ္စရေးနှင့် စစ်ပွဲလေးကြိမ် ဖြစ်ပွားခဲ့သည်။

 

ဆင်ဟွာ၊ အေအက်ဖ်ပီ