နိုဝင်ဘာ ၂၇

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က  အစ္စရေးနှင့်လက်ဘနွန်အစိုးရတို့က အစ္စရေးတပ်မတော်နှင့် ဟစ်ဇ်ဘိုလာစစ်သွေးကြွများ အကြား အပစ်ရပ်ရေးသဘောတူညီခဲ့ကြသည်ဟု ဆိုသည်။

အဆိုပါသဘောတူညီချက်ရရှိကြောင်းကို ဝါရှင်တန်တွင် သမ္မတဘိုင်ဒင်က ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။ ထိုသဘောတူညီချက်သည် ယနေ့ ဒေသစံတော်ချိန် မနက်လေးနာရီတွင် အသက်ဝင်မည်ဖြစ်ပြီး လက်ဘနွန်-အစ္စရေး နယ်စပ်တစ်လျှောက် တိုက်ပွဲများအဆုံးသတ်မည်ဖြစ်ကြောင်း သိရသည်။

ယင်းသဘောတူညီချက်တွင် လာမည်ရက်ပေါင်း ၆၀ အတွင်း လက်ဘနွန်တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့များ တပ်ဖြန့်ထားမည်ဖြစ်ပြီး ၎င်းတို့၏နယ်မြေကို ပြန်လည်ထိန်းချုပ်သွားမည်ဟူသောအချက်ပါဝင်သည်။ အစ္စရေးတပ်ဖွဲ့များ အနေဖြင့် တူညီသောအချိန်အတွင်းမှာပင်ထိုဒေသမှဆုတ်ခွာရန် သဘောတူညီချက်တွင် တောင်းဆိုထားသည်။

အစ္စရေးအစိုးရအဖွဲ့ဝင်များသည် ထိုသဘောတူညီမှုကိုအတည်ပြုခဲ့သည်ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု၏ ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

လက်ဘနွန်ဝန်ကြီးချုပ်နာဂျစ်မီကာတီက တည်ငြိမ်မှုနှင့် တည်ငြိမ်မှုကိုဖော်ဆောင်မည့် အခြေခံခြေလှမ်းဖြစ်သည်ဟု ယူဆကြောင်းနှင့် တိုက်ပွဲကြောင့် နေရပ်စွန့်ခွာသူများ နေရပ်ပြန်လာရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ချမှတ်သွားမည် ဖြစ်ကြောင်း ပြောကြားထားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို