၂၆  ဒီဇင်ဘာ

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ ထိပ်တန်းမဟာမိတ်နိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ အစ္စရေးနဲ့ ၎င်းရဲ့ စီးပွားရေး ယှဉ်ပြိုင်ဘက်ဖြစ်တဲ့ တရုတ်နိုင်ငံတို့ဟာ ကုန်သွယ်ရေးအရ ပိုမိုနီးကပ်စွာ ဆက်ဆံလာတဲ့ အနေအထားတစ်ခုကို မြင်တွေ့လာရပြီး ဒီအခြေအနေအပေါ်မှာ သမ္မတထရမ့်က ဘယ်လောက်အတိုင်းအတာအထိ နားလည်မှု ပေးနိုင်မလဲဆိုတာကို အကဲစမ်းတဲ့ ကိစ္စတစ်ခု ဖြစ်လာခဲ့ပါတယ်။

အမေရိကန်သတိပေး

လက်ရှိမှာအစ္စရေးဟာ တရုတ်နိုင်ငံနဲ့ လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီမှုကို လာမယ့်နှစ် အစောဆုံး ထားပြီး မြန်မြန်စာချုပ် ချုပ်ဆိုနိုင်ဖို့ မျှော်လင့်နေတယ်လို့ အစ္စရေး အကြီးတန်းအာဏာပိုင် တစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။ ဆွေးနွေးမှုတွေဟာ လူသိခံလို့မရတဲ့ လျှို့ဝှက်အကြောင်းအရာတွေဖြစ်လို့ အဆိုပါ အာဏာပိုင်က ၎င်းရဲ့ အမည်ကို ဖော်ပြဖို့ ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်ကတည်းက ဒီကိစ္စနဲ့ပတ်တော်တဲ့စကားပြောဆို ဆွေးနွေးမှုတွေကို လုပ်ဆောင်လာခဲ့တာ ဖြစ်ပေမယ့် နောက်ဆုံးအကျော့ ဆွေးနွေးချိန်မှာတော့ အစ္စရေးနဲ့ တရုတ်နိုင်ငံအကြား ပူးပေါင်းလုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး တင်းမာမှုတွေ အကြောင်းတိုက်ဆိုင်စွာ မြင့်တက်နေခဲ့သလို အစ္စရေးနိုင်ငံရဲ့ စီးပွားရေးမှာ တရုတ်နိုင်ငံရဲ့ ပါဝင်မှု အခန်းကဏ္ဍနဲ့ပတ်သက်ပြီး နိုးနိုးကြားရှိဖို့ အစ္စရေးကို အမေရိကန်က သတိပေးလာချိန်လည်း ဖြစ်ပါတယ်။

ဟန်ချက်ညီညီလှုပ်ရှားခြင်း

အစ္စရေးနဲ့ တခြားသော အမေရိကန်ရဲ့ နီးကပ်တဲ့ မဟာမိတ်တွေအတွက်ကတော့ အရှေ့အလယ်ပိုင်းဒေသ အတွင်းမှာ အမေရိကန်က ၎င်းရဲ့ စစ်ရေးအရ တည်ရှိမှုကို တစ်မျိုးတစ်ဖုံ အသွင်ပြောင်းလဲလာခြင်းဟာ တရုတ် နိုင်ငံကို ရင်ဆိုင်တဲ့နေရာမှာ ပြည့်စုံကောင်းမွန်အောင်လုပ်ဖို့ ဟန်ချက်ညီညီ လှုပ်ရှားခြင်းဖြစ်တယ်လို့ ၎င်းတို့က ထင်မြင်ယူဆ လျက်ရှိပါတယ်။

ခုနစ်ကြိမ်မြောက် ဆွေးနွေးပွဲအတွက် အစ္စရေးနဲ့ တရုတ်နိုင်ငံက အာဏာပိုင်တွေ ပြီးခဲ့တဲ့တစ်လခန့် အကြာက တွေ့ဆုံခဲ့စဉ်မှာ အစ္စရေးအနေနဲ့ ဂျေရုဆလင်မှာ အစိုးရသစ်တစ်ရပ်ဖွဲ့စည်းမှုကို ကြိုတင်ကာကွယ်မယ့် ကိစ္စနဲ့ပတ်သက်ပြီး လက်ရှိမှာ နိုင်ငံရေးအရ ရှေ့တိုးဖို့ရော နောက်ဆုတ်ဖို့ပါ ခက်နေတဲ့ အနေအထားကို ရင်ဆိုင်နေရတာကြောင့် အစ္စရေးဟာ ကုန်သွယ်ရေးသဘောတူစာချုပ်ကို လာမယ့်နှစ်အထိ ကုတ်ကတ် ဖက်တွယ်နေမလား ဆိုတာကို သေချာမသိနိုင်သေးဘူးလို့ အာဏာပိုင်တွေက သတိပေးခဲ့ကြပါတယ်။

ရင်းနှီးမြှုပ်နှံမှု အင်အားစုကြီးတစ်ခု

သမ္မတအဖြစ် စတင်တာဝန်ယူချိန်ကစပြီး သမ္မတထရမ့်ဟာ ကုန်သွယ်ရေးသဘောတူညီမှု အသစ်ကို ပြန်လည်ညှိနှိုင်းဆွေးနွေးဖို့ ကြိုးပမ်းတဲ့အနေနဲ့ တရုတ်တင်ပို့ကုန်တွေအပေါ်မှာ အခွန်တိုးမြှင့်ကောက်ခံမှုတွေ အခါမလပ် လုပ်ဆောင်နေခဲ့တာကို မြင်တွေ့ရပါတယ်။

ကြိုးနီလည်တူညီ

တစ်ချိန်တည်းမှာပဲ တရုတ်နိုင်ငံဟာဆိုရင်လည်း အရှေ့အလယ်ပိုင်းဒေသအတွင်းမှာ အကြီးဆုံးပြည်ပ ရင်းနှီးမြှုပ်နှံမှု အင်အားစုကြီးတစ်ခု အနေနဲ့ပေါ်ထွက်လာခဲ့ပြီး ၎င်းပေါ်ထွက်လာမှုက အာရပ်စော်ဘွားများ ပြည်ထောင်စုလို နိုင်ငံတွေကို ကုန်သွယ်ရေးဆိုင်ရာ ထိပ်တိုက်ရင်ဆိုင်မှုတွေမှာ ဘယ်သူ့ဘက်ကမှ မလိုက်ဘဲ ရပ်တည်ချက် ခိုင်မာသေချာစေခဲ့ပါတယ်။

အထူးသတိထားဖို့လို

အမေရိကန်က တရုတ်နိုင်ငံကို အစ္စရေးနဲ့ ကုန်သွယ်မှုပမာဏ တိုးတက်မှုမရှိအောင် လုပ်ဆောင်နေခဲ့သော်လည်း အမေရိကန်ဆီ အစ္စရေးရဲ့ တင်ပို့ကုန်တွေဟာ ၂၀၁၅ ခုနှစ်ကတည်းက နှစ်စဉ်နှစ်တိုင်းလိုလို ကျဆင်းလာခဲ့ပြီး အဲဒီအချိန်တွေမှာပဲ တရုတ်နိုင်ငံဆီ အစ္စရေးရဲ့ တင်ပို့ရောင်းချမှုတွေကတော့ သုံးပုံနှစ်ပုံလောက်အထိကို တိုးတက်များပြား လာခဲ့ပါတယ်။

အမျိုးသားလုံခြုံရေးလေ့လာမှုဆိုင်ရာ တယ်လ်အဗစ်တက္ကသိုလ်ရှိ အစ္စရေး-တရုတ် စီမံကိန်းဒါရိုက်တာ တစ်ဦးဖြစ်တဲ့ အာဆက်ဖ်အိုရီယွန်က ကျွန်ုပ်တို့အနေနဲ့ တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးဆောင်ရွက်ရာမှာ အမှားအယွင်း မဖြစ်စေဖို့နဲ့ မဟာမိတ် အမေရိကန်ကို သစ္စာဖောက်ရာရောက်တဲ့ လုပ်ဆောင်ချက်မျိုး မလုပ်မိစေဖို့ အထူးသတိထားဖို့ လိုအပ်မှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ရလဒ်တစ်ခုထွက်ပေါ်ခဲ့

အစ္စရေး နိုင်ငံခြားကုန်သွယ်မှုဆိုင်ရာ စီမံအုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက မကြာသေးမီက ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲတွေအပေါ် မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ အစ္စရေးမှာရှိတဲ့ တရုတ်သံရုံးကတော့ဆွေးနွေးပွဲ အသေးစိတ် အချက်အလက်တွေကို မသိရှိကြောင်း၊ ဒါပေမယ့် ကုန်သွယ်ရေး ဝန်ကြီးဌာနချုပ်ရဲ့ ဖော်ပြချက်အရ အကောက်ခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကနေ ပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်တွေအထိ အဓိကထား ဆွေးနွေးခဲ့တဲ့ နောက်ဆုံးအကျော့ ဆွေးနွေးမှုတွေအတွင်း ရလဒ်တစ်ခု ထွက်ပေါ်ခဲ့တယ်လို့ သိရကြောင်း၊ ဖော်ပြခဲ့ပါတယ်။

စီးပွားဆက်ဆံမှုစတင်

အစ္စရေးနဲ့ တရုတ်နိုင်ငံတို့အကြား စီးပွားရေးအရ ဆက်ဆံမှုဟာ ၁၉၇၉ ခုနှစ်မှာ စတင်ခဲ့ပြီး အဲဒီအချိန်ဟာ တရုတ်နိုင်ငံက အစ္စရေးနိုင်ငံကို တရားဝင် အသိအမှတ်မပြုသေးတဲ့အချိန် ဖြစ်ပါတယ်။ သံတမန်ရေးအရ ဆက်ဆံမှုတွေကိုတော့ ၁၉၉၂ ခုနှစ်မှာ တရားဝင်ထူထောင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က အစ္စရေးနဲ့တရုတ် နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏဟာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၆ ဘီလီယံ ဖြစ်တယ်လို့ အီလက်ထရွန်နစ်ပစ္စည်းနဲ့ စက်မှုလုပ်ငန်းဆိုင်ရာ အစ္စရေးတင်ပို့ကုန် အဖွဲ့အစည်းရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အာရုံစိုက်စရာဖြစ်လာ

အခြေခံအဆောက်အအုံ ကဏ္ဍမှာဆိုရင်လည်း တရုတ်နိုင်ငံကအစ္စရေး ရဲ့အဓိကကျတဲ့ ရင်းနှီးမြှုပ်နှံသူ နေရာကနေ ပါဝင်နေပါတယ်။ အမေရိကန် အတွက်ကတော့ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုကို အစ္စရေးက လုံလောက်တဲ့ စိစစ်မှုတွေလုပ်ဆောင်ခြင်း ရှိ မရှိဆိုတာနဲ့ ဖိုက်ကြိုးမဲ့ ဆက်သွယ်ရေးကွန်ရက် အခြေခံ အဆောက်အအုံ မြှင့်တင်မှုမှာ တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှုကို ကန့်သတ်ထိန်းချုပ်မှု ရှိ မရှိ ဆိုတာဟာ အချေအတင် ဖြစ်စေနိုင်တဲ့ အဓိကအာရုံ စိုက်စရာကိစ္စအဖြစ် ရှုမြင်ခံနေရပါတယ်။

အစ္စရေးနဲ့ ဉာဏဆိုင်ရာ မျှဝေမှုကို ကန့်သတ်ထိန်းချုပ်ဖို့ သတိပေးခြိမ်းခြောက်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပီအို အပါအဝင် အမေရိကန်အာဏာပိုင် တချို့ဟာ အစ္စရေးနဲ့တရုတ် ဆက်ဆံမှုကို အရေးကြီး ကိစ္စတစ်ခုအဖြစ် မှတ်ယူထားကြပါတယ်။

ဂရုစိုက်လှုပ်ရှား

တရုတ်နိုင်ငံက အရှေ့အလယ်ပိုင်းဒေသကို ဥရောပနဲ့ အာဖရိက ဈေးကွက်ဆီ ခုန်ကူးနိုင်ဖို့တွန်းကန်ပေးမယ့် အရာတစ်ခုအဖြစ် ရှုမြင်နေပြီး ၎င်းရဲ့ Belt and Road လို့ခေါ်တဲ့ ပိုးလမ်းမ စီမံကိန်းကြီးရဲ့ အဓိက အစိတ်အပိုင်းတစ်ခု အနေနဲ့ မှတ်ယူထားပါတယ်။

ဒီလိုရှိပေမယ့်လည်း တရုတ်နိုင်ငံအနေနဲ့ အရှေ့အလယ်ပိုင်း ဒေသမှာ အမေရိကန်ရဲ့ ကာကွယ် ရေးအရ တည်ရှိမှုအပေါ် ထိပါးကျူးကျော်ရာ ရောက်စေမယ့် အပြုအမူမျိုးနဲ့ အမေရိကန်ကို ရန်လိုတဲ့ အနေအထားမျိုး မဖြစ်ရလေအောင် အတတ်နိုင်ဆုံး ဂရုစိုက်ပြီး လှုပ်ရှားခဲ့တာကိုလည်း တွေ့ရပါတယ်။ ။

အမေရိကန်ဘက်က သတိပေးထားမှုတွေ ရှိသော်ငြားလည်းပဲ တခြားနိုင်ငံက ကုမ္ပဏီအချို့လိုပဲ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)က ကုမ္ပဏီအချို့ဟာ တရုတ်နည်းပညာ လုပ်ငန်းစုကြီးဖြစ်တဲ့ ဟွာဝေးရဲ့ ဖိုက်ဂျီဝန်ဆောင်မှုကို ကော်ဇောနီခင်း ကြိုဆိုဖို့ ပြင်ဆင်နေကြတာဟာ အမေရိကန်အတွက်တော့ ခံရခက်စရာ ဖြစ်နေပါတယ်။

ကလျာမိုးမြင့်

ကိုးကား - South China Morning Post