ဂန့်ဂေါ၊  ၃  ဇန်နဝါရီ    

 

မကွေးတိုင်းဒေသကြီး ဂန့်‌​ဂေါခရိုင် ပုပ္ပကိုင်းကျေးရွာ ယောချောင်းဘေး၌ အစ္စရေးနည်းပညာ    Green House အမိုးအကာအောက်တွင် စမ်းသပ်စိုက်ပျိုးထားသော ခရမ်းချဉ်သီးများမှာ ၈၀ ရာခိုင်နှုန်း အောင်မြင်နေကြောင်း သိရသည်။

 

ယင်းနည်းပညာအား မကွေးတိုင်းဒေသကြီး မကွေး၊ နတ်မောက်​​၊ ရေနံ​ချောင်းမှ ပင်း​ချောင်း နှင့် ယင်းချောင်းမှ တောင်သူများ အထူးစိတ်ဝင်စား​​ပြီး လာရောက်လေ့လာလိုကြောင်း ဆက်သွယ်လာသည်ဟု စိုက်ပျိုးရေး သိပ္ပံကျောင်းဆင်း ကိုဇော်ဇော်ထက်ထံမှ သိရသည်။

 

“ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ကျွန်တော် အစ္စရေးကို မသွားရဘူး အဲ့ဒါနဲ့ပဲ ကျွန်တော့်‌‌ဒေသယောချောင်းဘေးမှာ Green House နည်းပညာနဲ့ ခရမ်းချဉ်သီး စမ်းသပ်စိုက်ပျိုးဖြစ်ပါတယ်။ အပင် ၆၀၀ လောက် ဇူလိုင်လ၀က်လောက်က စပြီးစိုက်ပါတယ်။ အောက်တိုဘာ လဆန်းပိုင်းကတည်းက ခုချိန်ထိ လှိုင်လှိုင်ခူးနေရပါတယ်။ ဒီရက်ပိုင်းမှာဆို တစ်နေ့ ပိဿာချိန် ၃၀ ကျော် ၄၀ လောက် ရပါတယ်။ ဓါတု ပိုးသတ်ဆေးကိုလည်း လုံး၀သုံးမထားပါဘူး။  သြဂဲနစ် နည်းစနစ်ပေါ့ဗျာ။ အစောပိုင်းကဆို တစ်ပိဿာ ၁၅၀၀ ကျပ် ရောင်းရတယ်။ ခုတော့ ခရမ်းချဉ်သီး ရာသီချိန်ဆိုတော့ အခြားသီးတွေ တစ်ပိဿာ ၅၀၀ လောက်ပဲရှိပေမယ့် ကျွန်တော့် အသီးက ၁၂၀၀ ကျပ်လောက် ရောင်းရတယ်။ ထိုင်၀မ်မျိုးဖြစ်ပေမယ့် ခရမ်ချဉ်သီးက အချဉ်ဓါတ်ကလေးပါတယ်။ ချက်ရင် ကြေလွယ်တယ် ဓါတုလွတ်ဆိုတော့ စားသုံးသူက သဘောကျနှစ်ခြိုက်ကြပါတယ်။” ဟု ကိုဇော်ဇော်ထက်က ပြောပြသည်။

 

“ကျွန်တော်တို့ မကွေးတိုင်းဒေသကြီးထဲက ရေနံချောင်း၊ မကွေး၊ နတ်မောက် ခရမ်းချဉ်စိုက်တောင်သူများကလည်း Green House စိုက်နည်းစနစ်နဲ့ ကိုင်းကျွန်းမြေ ချောင်းမြေတွေမှာ စိုက်ချင်လို့ မေးမြန်းဆက်သွယ်နေ​ကြပါပြီ။ နည်းပညာဖလှယ်ကြတာပေါ့” ဟု ၎င်းက ဆက်လက်ပြော​ပြသည်။

 

အဆိုပါ Green House နည်းပညာဖြင့် စိုက်ပျိုးခြင်းကို မန္တလေးတိုင်း‌ဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်မှာရှိတဲ့ Food Safety အဖွဲ့မှ နည်းပညာ အကြံပေးထားသည်ဟု သိရသည်။

 

 “ကျွန်တော်တို့ မကွေးတိုင်းထဲက ရေတအားရှာပါတယ်။ ဒီလိုစိုက်ပျိုးခြင်းက ရေသုံးစွဲခြင်းကို နံပါတ်တစ်အနေနဲ့ လျှော့ချပေးပါတယ်။ ကျွန်တော်တို့‌ဒေသမှာ သာမန်အတိုင်းစိုက်မယ်ဆို ရေစုပ်စက်တွေနဲ့ ရေလည်းတအားကုန်ပါတယ်။ လူအင်အားလည်း ကုန်တယ်။ အကျိုးထိရောက်တာလည်း  မထိရောက်ဘူး။ ဒီနည်းပညာက တစ်ပင်ခြင်း ရေထိထိရောက်ရောက် ရောက်ရှိတယ်။ ရေကုန်လည်းသက်သာတယ်။ ခရမ်းချဉ်တစ်ပင်ကို တစ်နေ့ရေတစ်လီတာ အပင် ၆၀၀ ဆိုတော့ ရေလီတာ ၆၀၀ ပဲကုန်တယ်။ အမိုးအကာနဲ့ဆိုတော့ ပြင်ပက ပိုးမွှားအန္တရာယ်လည်း ကာကွယ်ပြီးသားဖြစ်တယ်။ ရောဂါလည်း မကျရောက်တော့ဘူး။  အပူချိန်ကိုလည်း ထိန်းချုပ်လို့ရတယ်။ ၀တ်မှုံကူးမယ့်အချိန် အပူကိုလျှော့ချသင့်ရင် လျှော့ချရတယ်။ အသီးသီးတာကိုလည်း အားရကျေနပ်မှု ရှိပါတယ်။ ကျွန်တော့်ရဲ့ စမ်းသပ်စိုက်ပျိုးမှုဟာ ၈၀ ရာခိုင်နှုန်းလောက် အောင်မြင်တယ်လို့ပြောရမှာပါ ” ဟု ကိုဇော်ဇော်ထက်က ဆက်လက်ပြောပြသည်။

 

ထွက်ရှိလာသော ခရမ်းချဉ်သီးများကို  မန္တလေး​သြဂဲနစ် သီးနှံ​ဈေးကွက်နှင့် ယော‌​ဒေသအတွင်း ၀ယ်လိုအား မြင့်တက်နေသည် ဟု သိရသည်။ ထို့အပြင် Green House နည်းပညာကို  မကွေးတိုင်း ဒေသအတွင်း တောင်သူများသာမက ဆန္ဒရှိလိုလားသူများကို နည်းပညာများ ဖြန့်‌‌​ဝေပေးသွားမည်​​ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

 

မကွေး ဝင်းမောင်

 

mdn