၁၁  ဧပြီ

အစ္စရေးရွေးကောက်ပွဲကျင်းပမှုအပြီး ရွေးကောက်ပွဲရလဒ်အချို့အရ ဝန်ကြီးချုပ်နေတန်ယာဟုဟာ ငါးကြိမ်မြောက် ပြန်လည်တာဝန်ထမ်းဆောင်ရဖို့ ခိုင်လုံတဲ့မဲရလဒ်ကို ရရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။ ၎င်းရဲ့ လီကွတ်ပါတီနဲ့ ယှဉ်ပြိုင်ဘက် Blue and White ပါတီဟာ ရလဒ်အားဖြင့် မတိမ်းမယိမ်းအနေအထား ဖြစ်နေပါတယ်။ ဒါပေမယ့် လက်ယာယိမ်းအစိုးရအဖွဲ့ဟာ လက်ဝဲယိမ်းအစိုးရအဖွဲ့ထက် အရေးသာနေတဲ့အနေအထားကို တွေ့ရတယ်လို့ ဖော်ပြခဲ့ကြပါတယ်။

မဟာမိတ်ဖွဲ့စည်းဖို့လို

အစ္စရေးပါလီမန်ရွေးကောက်ပွဲအတွင်း ဧပြီ ၉ ရက်မှာ နောက်ဆုံးမဲရေတွက်မှုရလဒ်တွေအရ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုရဲ့ လက်ယာယိမ်း လီကွတ်ပါတီက မဲအသာနဲ့ ဦးဆောင်နေခဲ့တာဖြစ်ပါတယ်။ မစ္စတာ နေတန်ယာဟုဟာ အစ္စရေးတပ်မတော်အကြီးအကဲဟောင်းဖြစ်တဲ့ Blue and White ပါတီခေါင်းဆောင် ဘန်နီဂန့်စ်ရဲ့ စိန်ခေါ်မှုကို ရင်ဆိုင်နေရသူပါ။

ဘယ်ပါတီက လွှတ်တော်ရဲ့ ရာထူးနေရာအများစုကို အနိုင်ရသည်ဖြစ်စေ၊ အဲဒီပါတီဟာ အစ္စရေးပါလီမန်လွှတ်တော်ရဲ့ ရာထူးနေရာ ၁၂၀ အနက်အများစုကိုရဖို့ မဟာမိတ်အဖွဲ့ ဖွဲ့စည်းဖို့ လိုအပ်မှာဖြစ်ပါတယ်။

လတ်တလောရရှိထားတဲ့အချက်အလက်များ

မဲအရေအတွက်ရဲ့ ၉၅ ရာခိုင်နှုန်းကို ရေတွက်ထားပြီးချိန်မှာ လီကွတ်ပါတီက လွှတ်တော်ရဲ့ ၃၅ နေရာ ရာခိ်ုင်နှုန်းအားဖြင့် ၃၀ ရာခိုင်နှုန်းနဲ့ Blue and White ပါတီက ၃၅ နေရာ ရာခိုင်နှုန်းအားဖြင့် ၂၈ ရာခိုင်နှုန်း ရရှိထားပါတယ်။ အစ္စရေးရုပ်မြင်သံကြား ချန်နယ်အချို့က နေတန်ယာဟုရဲ့ လီကွတ်ပါတီအနိုင်ရရှိမှုနဲ့ ပတ်သက်ပြီး သေးငယ်တဲ့ အောင်ပွဲတစ်ခုအနေနဲ့ ဖော်ပြခဲ့ကြပါတယ်။ Hareetz သတင်းစာကတော့ မဲပေးသူအရေအတွက် ၆၇ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲထက် နည်းပါးတဲ့ အရေအတွက်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ မဲရုံတွေကို ပိတ်သိမ်းလိုက်ချိန်မှာ လီကွတ်ပါတီကရော Blue and White ပါတီကပါ ၎င်းတို့ အောင်ပွဲရရှိကြောင်း အခိုင်အမာ ပြောဆိုနေပါတယ်။

နှစ်ဖက်လုံးအနိုင်ရတယ်လို့ ဆိုနေ

Blue and White ပါတီခေါင်းဆောင် ဂန့်စ်နဲ့ ၎င်းရဲ့ မဟာမိတ်ယာလီပက်တို့က ကြေညာချက်တစ်စောင်ကို မြန်မြန်ဆန်ဆန် ထုတ်ပြန်လိုက်ပြီး ကျွန်ုပ်တို့နိုင်ပြီ၊ အစ္စရေးပြည်သူလူထုဟာ ကိုယ်ပိုင်ပြောဆိုခွင့်ရှိလာပြီ၊ သန်းချီတဲ့ မဲပေးသူတွေနဲ့ တက်ကြွလှုပ်ရှားသူ ထောင်ပေါင်းများစွာကို အထူးကျေးဇူးတင်တယ်လို့ ဆိုပါတယ်။ဧပြီ ၉ ရက်ညပိုင်းမှာ ဂန့်စ်က ပါလီမန်ရွေးကောက်ပွဲအနိုင်ရကြောင်း ကြေညာလိုက်ပြီး အစ္စရေးနိုင်ငံ စည်းလုံးညီညွတ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း ကတိပေးခဲ့ပါတယ်။ ၎င်းက အစ္စရေးရဲ့ သမိုင်းဝင်အောင်ပွဲနေ့လို့ ကြုံးဝါးခဲ့ပြီး ၎င်းကို ထောက်ခံသူတွေကလည်း ဝန်ကြီးချုပ်အသစ် လာတော့မယ်ဆိုပြီး ကြွေးကြော်အော်ဟစ်ခဲ့ကြပါတယ်။

အစိုးရဖွဲ့မည်

ဘန်နီဂန့်စ်ဘက်က ဒီလိုပြောဆိုနေချိန်မှာ မစ္စတာနေတန်ယာဟုကလည်း ၎င်းရဲ့ပါတီက အနိုင်ရတာလို့ ဆိုနေပါတယ်။ လက်ယာယိမ်း လီကွတ်ပါတီဦးဆောင်တဲ့ အစိုးရအဖွဲ့က ထင်ရှားတဲ့ အောင်ပွဲတစ်ခု ရလိုက်တဲ့အတွက် အစ္စရေးပြည်သူတွေရဲ့ ယုံကြည်မှုကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ ဒီညမှာ ကျွန်ုပ်တို့ရဲ့ မိတ်ဆွေတွေနဲ့ လက်ယာယိမ်းအစိုးရ တစ်ရပ်ကို စတင်ဖွဲ့စည်းမယ်လို့ ပြောကြားလိုက်ပါတယ်။ အစ္စရေးနိုင်ငံရဲ့ ရုပ်သံလိုင်း သုံးခုက ထုတ်ပြန်တဲ့ မဲရလဒ်တွေဟာ ကွဲပြားမှုရှိနေပြီး ရုပ်သံလိုင်းတစ်ခုမှာ မစ္စတာဂန့်စ်ရဲ့ ပါတီဟာ တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ အနိုင်ရနေတယ်လို့ဆိုထားပြီး ကျန်ရုပ်သံလိုင်းတွေမှာတော့ မဲရလဒ်တွေ မတိမ်းမယိမ်းဖြစ်နေတယ်လို့ ဖော်ပြနေပါတယ်။

ကတိပေးအပ်ခဲ့

အစ္စရေးရဲ့ ရွေးကောက်ပွဲစနစ်အရ ဘယ်ပါတီတစ်ခုတည်းကမှ လွှတ်တော်ရဲ့ နေရာအများစုကို အနိုင်မရခဲ့ပါဘူး။ အတိုက်အခံဖြစ်တဲ့ အစ္စရေးကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဘန်နီဂန့်စ်ဟာ Blue and White ပါတီခေါင်းဆောင်ဖြစ်ပြီး ရွေးကောက်ပွဲအတွင်း ဝန်ကြီးချုပ်နေတန်ယာဟုရဲ့ အကြီးဆုံး ခြိမ်းခြောက်မှုတစ်ခုပါ။ မဲဆွယ်စည်းရုံးစဉ်ကာလအတွင်းမှာ ဂန့်စ်က ပြန်လည်ပေါင်းစည်းရေးအာဘော်ကို သုံးခဲ့တဲ့သူဖြစ်ပြီးနိုင်ငံကို ထိခိုက်ပျက်စီး အောင်မလုပ်ဘူးလို့ ကတိတွေ ပေးအပ်ခဲ့ပါတယ်။ ပြီးတော့ ၎င်းက ဝန်ကြီးချုပ် နေတန်ယာဟုဟာ တိုင်းပြည်ကို ပြိုကွဲစေမယ့် နိုင်ငံရေး အမြင်တွေရှိနေသူ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ပြီးတော့ ဂန့်စ်က ဂျေရုဆလင်မြို့ကို အစ္စရေးမြို့တော်အဖြစ် ဆက်လက် ထိန်းသိမ်းထားစဉ်မှာ ငြိမ်းချမ်းရေးသဘောတူညီမှုတစ်ရပ်ကို ဦးစားပေးတဲ့ မိန့်ခွန်းပြောဆိုမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။

ထောက်ခံသူကိုယ်စီ

အစ္စရေးပြည်သူတချို့က ဝန်ကြီးချုပ်နေတန်ယာဟုကို တိ်ုင်းပြည်စီးပွားရေး တိုးတက်အောင်လုပ်ဆောင်ခဲ့ပြီး နိုင်ငံတကာဆက်ဆံ ရေးကောင်းမွန်အောင် လုပ်ဆောင်ခဲ့သူအဖြစ် အမွှမ်းတင်ခဲ့ကြကာ အတွေ့အကြုံရင့်တဲ့ ခေါင်းဆောင်တစ်ဦးအနေနဲ့ နိုင်ငံကို ဆက်လက်ဦးဆောင်သွားဖို့ လိုလားနေသလို တချို့ကတော့ အပြောင်းအလဲကို အလိုရှိနေပြီး ဂန့်စ်ရဲ့ပါတီက အစ္စရေး-ပါလက်စတိုင်း ပြဿနာကို အထိုက်အလျောက် ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။         

ဝန်ကြီးချုပ်နေတန်ယာဟုနဲ့ လီကွတ်ပါတီ

ဝန်ကြီးချုပ်နေတန်ယာဟုဟာ အာဏာရလာခဲ့တာ ၁၃ နှစ် တိတိကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ အကယ်၍ ၎င်းပြန်လည် အရွေးချယ်ခံရရင် သိမ်းပိုက်ခံထားရတဲ့ အနောက်ဘက်ကမ်းက ပြန်လည်အခြေချအိမ်ရာတွေကို ကျူးကျော်သိမ်းပိုက်မယ်လို့ မဲဆွယ်ကာလ အတွင်းမှာ အလေးအနက် ကတိပေးထားပါတယ်။ ပါလက်စတိ်ုင်း ပြည်သူတွေဟာ အနောက်ဘက်ကမ်းနဲ့ ဂါဇာကမ်းခြေအတွင်းမှာ နိုင်ငံတစ်ခုထူထောင်ဖို့ လိုလားနေသလို အရှေ့ဂျေရုဆလင်ကိုလည်း ပါလက်စတိုင်းရဲ့ မြို့တော်အဖြစ် ယူဆထားပါတယ်။

မဲတချို့ လက်လွှတ်ဆုံးရှုံး

အစ္စရေးနိုင်ငံရဲ့လုံခြုံရေးနဲ့ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုကို အခိုင်အမာဆောင်ရွက်နိုင်တဲ့သူ တစ်ယောက်အဖြစ် နာမည်ကောင်းတစ်ခုရထားတဲ့ မစ္စတာနေတန်ယာဟုဟာ ချွတ်ယွင်းချက်အနေနဲ့ တစ်ဖက်မှာတော့ အကျင့်ပျက်ခြစားမှု စွပ်စွဲချက်ပေါင်း တစ်သောင်းခြောက်ထောင်ကိုလည်း ရင်ဆိုင်နေရပြီး ဒီအချက်ကြောင့် မဲဆန္ဒရှင်တချို့ရဲ့ ထောက်ခံမှုကို လက်လွှတ်ဆုံးရှုံးစေခဲ့ပါတယ်။

ထရမ့်ရဲ့ ထောက်ခံမှုကိုလည်း ရရှိထား

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုဟာဆိုရင် အမေရိကန် ပြည်ထောင်စုနဲ့ ခိုင်မာတဲ့ ရင်းနှီးဆက်ဆံမှုကိုလည်း အမြဲလိုလို ထိန်းသိမ်းထားနိုင်ခဲ့သူ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကျင်းပတဲ့နေ့ ညနေခင်းမှာ သမ္မတထရမ့်က အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ကို အကြမ်းဖက် အဖွဲ့အစည်းတစ်ရပ်အနေနဲ့ စာရင်းသွင်းလိုက်ပါတယ်။ ဒီလုပ်ရပ်ဟာဆိုရင် ပြည်ပအစိုးရအဖွဲ့ရဲ့ အစိတ်အပိုင်းတစ်ခုကို ဝါရှင်တန်က အကြမ်းဖက်အုပ်စုတစ်ခုအဖြစ် ပထမဆုံးတံဆိပ်ခတ် နှိပ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။

ဒါဟာဆိုရင် ဝန်ကြီးချုပ် နေတန်ယာဟုက ကြိုဆိုလက်ခံလိုက်တဲ့ အမေရိကန်ရဲ့ မူဝါဒရေးရာ အဓိကကျတဲ့ ခလုတ်တွေထဲကတစ်ခုဖြစ်တယ်။ ထရမ့်ဟာ ဂျေရုဆလင်မြို့ကို အစ္စရေးနိုင်ငံရဲ့ မြို့တော်အဖြစ် အသိအမှတ်ပြုခဲ့တဲ့အပြင် အမေရိကန်သံရုံးကို တဲလ်အဗစ်ကနေ ဂျေရုဆလင်သို့ ရွှေ့ပြောင်းမယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါတင်မကသေးဘဲ သိမ်းပိုက်ခံ ဂိုလန်ကုန်းမြင့်ဒေသကိုလည်း အစ္စရေးပိုင်နက်အဖြစ် ထရမ့်က အသိအမှတ်ပြုခဲ့ပါတယ်။ ။

ကလျာမိုးမြင့်

ကိုးကား - ဆင်ဟွာ