ဆာနား ဇန်နဝါရီ ၅
ယီမင်ရှိ ဟူသီသူပုန်များသည် အစ္စရေးရှိ အိုရော့ရေဘင် ဓာတ်အားပေးရုံကို ပစ်မှတ်ထားကာ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဇန်နဝါရီ ၄ ရက်တွင် အတည်ပြုခဲ့သည်။ အစ္စရေးနိုင်ငံ တောင်ပိုင်း ဟိုင်ဖာရှိ အိုရော့ရေဘင်စက်ရုံကို ပစ်မှတ်ထား တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု ဟူသီအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ယာ့ယာဆာရီ ယာက ပြောသည်။
အဆိုပါစစ်ဆင်ရေးကို ပဲ့ထိန်ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပစ်မှတ်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း ၎င်းကပြောသည်။ ထိုစဉ် အစ္စရေးမီဒီယာများတွင် ယီမင်နိုင်ငံဘက်က ပစ်လွှတ် လိုက်သည့် ဒုံးကျည်ကို အောင်မြင်စွာ ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေး တပ်ဖွဲ့က ပြောကြားသည်ဟု ဖော်ပြထားသည်။
အစ္စရေးသို့ ဟူသီများက ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် နာရီအနည်းငယ်အကြာတွင် အမေရိကန်နှင့် ဗြိတိန် ပူးပေါင်းရေတပ်သည် ယီမင်နိုင်ငံ ဆတ်ဒါးမြို့အရှေ့ပိုင်းသို့ ပစ်မှတ်ထားကာ တိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့ကြောင်း ဟူသီ ပိုင် အယ် - မာရှီရာ ရုပ်သံတွင် ဖော်ပြထားသည်။ အဆိုပါ တိုက်ခိုက်မှုမှာ ဆတ်ဒါးမြို့ရှိဟူသီများကို ပစ်မှတ်ထားကာတိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဒေသခံများက လူမှုကွန်ရက်မီဒီယာတွင် ပြောသည်။
ဆင်ဟွာ