ဂျေရုဆလင်၊ မေ ၂၀

အစ္စရေးတပ်ဖွဲ့ဝင်များ၏ စစ်ဆင်ရေး ဆင်နွှဲမှုကြောင့် မေ  ၆ ရက်မှစပြီး ဂါဇာကမ်းမြောင်တောင်ပိုင်း ရာဖာမြို့မှ စွန့်ခွာထွက်ပြေးသူပေါင်း ၈၀၀၀၀၀ ရှိကြောင်း ပါလက်စတိုင်းဒုက္ခသည်များ ဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ အကြီးအကဲက ပြောကြားခဲ့သည်။

ရာဖာမြို့၏ ဒေသအများအပြားတွင် ဘေးကင်းသောရေပေးဝေမှု သို့မဟုတ် မိလ္လာ သန့်ရှင်းရေးဆိုင်ရာ အဆောက်အအုံများမရှိကြောင်း ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီအကြီးအကဲ ဖိလစ်လက်ဇာရီနီက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။

တိုက်ပွဲများ ပိုမိုပြင်းထန်လာပါက အရပ်သားများကို ပိုမိုထိခိုက်နစ်နာစေမည်ဖြစ်ကြောင်း ၎င်းက သတိပေး ပြောကြားသည်။ အစ္စရေးတပ်မတော်သည် ရာဖာမြို့၌ ဟားမတ်စ်များကို ဆက်လက်တိုက်ခိုက်လျက်ရှိပြီး ထိုးစစ်ကို အရှိန်မြှင့်ရန် အစ္စရေးက တပ်ဖွဲ့ဝင်များ ထပ်မံစေလွှတ် မည်ဖြစ်ကြောင်းလည်း သိရသည်။

အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျက်ကီဆူလီဗင်သည် အစ္စရေးနိုင်ငံ၌ အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟု နှင့် မေ ၁၉ ရက်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။  ကြီးမားသော မြေပြင်စစ်ဆင်ရေးကို ဆောင်ရွက်ခြင်းမပြုရန်၊ အစ္စရေးအား ဟန့်တားရန်နှင့် ထိပ်တန်းဟားမတ်စ် အဖွဲ့ဝင်များကိုသာ ပစ်မှတ်ထားရန် ဂျက်ကီဆူလီဗင်က တိုက်တွန်းခဲ့ကြောင်းသိရသည်။

အရပ်သားသေဆုံးမှုများနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေများ ယိုယွင်းလာမှုကို ရှောင်ရှားနိုင်မည့်အပေါ် စောင့်ကြည့်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်