တဲလ်အဗစ်၊ အောက်တိုဘာ ၂၆
အစ္စရေးတင့်ကားများနှင့် တပ်ဖွဲ့ဝင်များသည် ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းအစ္စလမ္မာစ် အုပ်စုဟားမားစ်တို့၏ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်ရန် ဂါဇာကမ်းမြောင်ဒေသသို့ အောက်တိုဘာ ၂၅ ရက်ညက ဝင်ရောက်ခဲ့ကြောင်း အစ္စရေးစစ်ဘက်က ပြောကြားလိုက်သည်။
ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်းတွင် ပြုလုပ်သောစစ်ဆင်ရေးသည် တိုက်ခိုက်မှုခြေလှမ်းသစ်အတွက် ပြင်ဆင်ခြင်း ဖြစ်ကြောင်း အစ္စရေးကာကွယ်ရေး တပ်ဖွဲ့ဝင်များကပြောသည်။ မိမိတို့၏တင့်ကားများနှင့် ခြေလျင်တပ်သည် အကြမ်းဖက်တပ်ဖွဲ့ဝင်များ၊ အခြေခံအဆောက်အအုံများနှင့် တင့်ကားပစ် ဒုံးခွင်းဒုံး အခြေစိုက်နေရာများကို တိုက်ခိုက်ခဲ့ ကြောင်း အစ္စရေးတို့က ပြောကြားခဲ့သည်။
အစ္စရေးတို့ ထုတ်ပြန်လိုက်သော ဗီဒီယိုတွင် မြေညှိစက်များနှင့်အတူ စစ်ကား ၁၀ စီးသည် မြေပြင်အခြေအနေကို ရှင်းလင်းရန် ထွက်ခွာနေသည်ကို ဖော်ပြထားသည်။ ထို့အပြင် ဖြူမည်းဗီဒီယိုတွင် နယ်စပ်စည်းရိုးနားသို့ တင့်ကားပစ်လက်နက်ကြီးဖြင့် ပစ်ထားသဖြင့် တင့်ကားမှ မီးခိုးတလူလူ ထွက်နေသည်ကိုလည်း တွေ့မြင်နိုင်သည်။ ဗီဒီယို ကို ညဘက်တွင် ရိုက်ထားသည်ဟု ယူဆရသည်။ ထို့နောက် အစ္စရေးစစ်သားများသည် အစ္စရေးဘက်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်ဟု အစ္စရေး စစ်ဘက်က ပြောသည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက မြေပြင်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများ ပြုလုပ်ရန် ပြင်ဆင် ဆောင်ရွက်နေကြောင်း အောက်တိုဘာ ၂၅ ရက်မိန့်ခွန်းတွင် ပြောကြားလိုက်သည်။ သို့သော်လည်း မည်သည့်အချိန် စတင်မည်ဟု ဖော်ပြခြင်း မပြုခဲ့ပေ။
အချိန်နှင့်တစ်ပြေးညီ ဆုံးဖြတ်ချက်ချခြင်းများကို စစ်ဘက်ဆိုင်ရာ ဝန်ကြီးများအဖွဲ့နှင့် အဆင့်မြင့် အရာရှိကြီးများနှင့် ဆွေးနွေးပြီးနောက် ပြုလုပ်ခဲ့ကြောင်း ဝန်ကြီးချုပ်က ဆက်လက်ပြောသည်။
ထို့ပြင် နေတန်ယာဟုသည် အမေရိကန် သမ္မတဂျိုးဘိုင်ဒင်နှင့် ဖုန်းမှတစ်ဆင့် ဆွေးနွေးခဲ့သည်။ နှစ်နိုင်ငံ ခေါင်းဆောင်များသည် ဓားစာခံများ ဖမ်းဆီးထားသည့်နေရာများကို ခြေရာခံရေးနှင့် ဓားစာခံများကို ဘေးအန္တရာယ် ကင်းရှင်းစွာ လွတ်ပေးရန် ဆွေးနွေးခဲ့ကြောင်း အိမ်ဖြူတော်က အောက်တိုဘာ ၂၅ ရက်တွင် ကြေညာခဲ့သည်။
အောက်တိုဘာ ၇ ရက်မှစကာ နှစ်ဖက်ဖြစ်ပွားသော တိုက်ခိုက်မှုများအတွင်း ၈၄၀၀ ကျော်သေဆုံး ခဲ့ပြီးဖြစ်သည်။ အစ္စရေးဘက်မှ ၁၄၀၀ ထက်မနည်း သေဆုံးခဲ့သည်။
အင်န်အိတ်ချ်ကေ