ဝါရှင်တန် ဖေဖော်ဝါရီ ၄
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုသည် ထာဝရအပစ်အခတ်ရပ်စဲရေးအပါအဝင် ဂါဇာကမ်းမြောင်ဒေသအခြေအနေများကို ဆွေးနွေးရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံခဲ့သည်။
ဝါရှင်တန်၌ရောက်နေသော နေတန်ယာဟုသည် ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲပိုင်းတွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့်တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံမှုသည် မစ္စတာထရမ့် အမေရိကန်သမ္မတ အဖြစ် တာဝန်ထမ်းဆောင်ချိန်တွင် အိမ်ဖြူတော်သို့ လာရောက်သည့် ပထမဆုံး နိုင်ငံခြား ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း အမေရိကန်မီဒီယာများတွင် ဖော်ပြသည်။
ခေါင်းဆောင်နှစ်ဦးသည် ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်၏ ဒုတိယ အဆင့် ကူးပြောင်းရေးကို ဆွေးနွေးခဲ့သည်။
သဘောတူညီချက်ဒုတိယအဆင့်တွင် အစ္စရေးတပ်ဖွဲ့များ ဂါဇာကမ်းမြောင်ဒေသမှ အပြီးတိုင် ရုပ်သိမ်းပေးရန်၊ ဖမ်းဆီးခံဓားစာခံအားလုံး လွှတ်ပေးရန်နှင့် ဟားမားစ်တို့နှင့် တိုက်ပွဲများ ထာဝရအဆုံးသတ်ရန် တောင်းဆိုသွားမည်ဖြစ်သည်။
အစ္စရေးသုတေသနဌာန၏ လွန်ခဲ့သောလက ကောက်ယူခဲ့သောစစ်တမ်းများအရ နိုင်ငံအတွင်းရှိ စစ်တမ်းဖြေဆိုသူ ၂၄ ရာခိုင်နှုန်းသည် သဘောတူညီချက်ဒုတိယအဆင့်ကို ဆန့်ကျင်ကြောင်း သိရှိခဲ့ပြီး ၅၂ ရာခိုင်နှုန်းက ထောက်ခံကြောင်း ဖော်ပြထားသည်။
အစ္စရေးနှင့် ဟားမားစ်တို့သည် လက်ရှိတွင် သီတင်းပတ်ခြောက်ပတ်ကြာ သဘောတူညီချက်၏ ပထမအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
အမေရိကန်အစိုးရ၏ ဖျောင်းဖျပြောဆိုမှုကြောင့် အစ္စရေးသည် အပစ်အခတ်ရပ်စဲရေးကို တစ်စိတ်တစ်ပိုင်း သဘောတူခဲ့သည်။
အစ္စရေးနိုင်ငံအနေဖြင့် အစ္စလာမ္မစ်အုပ်စုကို အပြီးတိုင်ဖျက်ဆီးနိုင်သည့် တိုက်ပွဲများကို အဆုံး သတ်ရန် တွန့်ဆုတ်နေကြောင်း နေတန်ယာဟုက ဖော်ပြထားသည်။
အင်န်အိတ်ချ်ကေ