ဒီဇင်ဘာ ၂၇
အစ္စရေးဝန်ကြီးချုပ် နတ်ဖ်တာလီဘန်နတ်သည် သူ၏သမီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ဒီဇင်ဘာ ၂၆ ရက်က ကွာရန်တင်းဝင်ခဲ့ကြောင်း ဝန်ကြီးချုပ်ရုံး၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။
ဘန်နတ်၏အမျိုးသမီးနှင့် အခြားကလေးများမှာမူ ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားမှုမရှိဟု ၎င်းကထပ်လောင်း ပြောသည်။
ဘန်နတ်က၎င်း၏အသက် ၁၄ နှစ်အရွယ်သမီးတွင် ကိုဗစ်ရောဂါကူးစက်ခံရပြီးနောက် ကွာရန်တင်း ဝင်ရောက်ရန် အလို့ငှာ အစ္စရေးတို့တိုက်ခိုက်သိမ်းယူထားသည့် ဂိုလန်ဟိုက်စ်တွင်ကျင်းပသော အထူးအစည်းအဝေးမှ ထွက်ခွာခဲ့ကြောင်း အစ္စရေးနိုင်ငံ၏ဝိုင်နက်သတင်းဌာနက ဖော်ပြထားသည်။
ပညာရေးဝန်ကြီး ယီဖတ်ရှာရှာဘိုင်တွန်သည်လည်း သူ၏သမီး ကိုဗစ်ကူးစက်ခံရပြီးနောက် ကွာရန်တင်း ဝင်ခဲ့သည်။
ဘန်နတ်သည် အာရပ်စော်ဘွားများပြည်ထောင်စုသို့ သမိုင်းဝင်ခရီးသွားရောက်ရာမှပြန်လာသည့် လေယာဉ်ပေါ်တွင် လူတစ်ဦး ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားသဖြင့် ဒီဇင်ဘာ ၁၄ ရက်က ကွာရန်တင်း ဝင်ခဲ့သည်။
အစ္စရေးနိုင်ငံတွင် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားသဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်တက်ခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို