ဂျေရုဆလင်၊ ဩဂုတ် ၁၉
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီဘလင်ကင်တို့ အကြား ဆွေးနွေးပွဲကို ယနေ့၌ ဂျေရုဆလင်တွင် ကျင်းပခဲ့ကြောင်းသိရသည်။ ဆွေးနွေးပွဲအတွင်း အမေရိကန်ဘက်မှ အဆိုပြုလာသည့် ဓားစာခံများလွတ်မြောက်ရေးဆိုင်ရာ အစီအစဉ်ကို အစ္စရေးကလက်ခံခဲ့ကြောင်း နေတန်ယာဟုက ပြောကြားခဲ့သည်။
အီဂျစ်ဂါဇာနယ်စပ်တွင် အစ္စရေးတပ်ဖွဲ့များ ဖြန့်ကြက်ချထားရေးနှင့် ဂါဇာဒေသသို့ အကြမ်းဖက်သမားများ ထပ်မံမဝင်ရောက်နိုင်စေရေးအတွက် ဟားမတ်စ်အဖွဲ့အား ချေမှုန်းရေးတို့ကိုဆောင်ရွက်မည်ဟု နေတန်ယာဟုက ထပ်လောင်းပြောကြားခဲ့သည်။ လက်ရှိအချိန်သည် အရေးကြီးဆုံး အချိန်သို့ရောက်ရှိနေပြီး ဓားစာခံများ ပြန်လည်လွတ်မြောက်ရေးနှင့် အပစ်အခတ်ရပ်စဲရေးအတွက် နောက်ဆုံးအခွင့်အရေးဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က ပြောကြားသည်။
လက်ရှိအချိန်တွင် ဂါဇာဒေသတောင်ပိုင်းနှင့် အလယ်ပိုင်းတွင် အစ္စရေးက တိုက်ခိုက်မှုများ ထပ်မံဆောင်ရွက်နေသည်။ အစ္စရေးဘက်မှ ဓားစာခံများ ပြန်လည်လွတ်မြောက်လာပါက ဟားမတ်စ်အား ထပ်မံတိုက်ခိုက်မည်ဟု ပြောကြားခဲ့ပြီး ဂါဇာဒေသတွင် ရေရှည်တည်တံ့သော အပစ်အခတ်ရပ်စဲရေးရရှိရေးနှင့် အစ္စရေးတပ်ဖွဲ့များဂါဇာမှ ဆုတ်ခွာရေးကို ဟားမတ်စ်ကလည်း တောင်းဆိုနေသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ