အစ္စတန်ဘူလ် အောက်တိုဘာ ၈
တူကီယဲ အာဏာပိုင်များသည် အစ္စတန်ဘူလ်မြို့ရှိ အနုပညာရှင်များဖြစ်သည့် အဆိုတော်များ၊ သရုပ်ဆောင်များနှင့် နာမည်ကြီး လူမှုကွန်ရက်သမားများကို ပစ်မှတ်ထားကာ မူးယစ်ဆေးနှိမ်နင်းမှုလုပ်ဆောင်ခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာတွင် ဖော်ပြထားသည်။
အစ္စတန်ဘူလ်ရှိ ဂျန်ဒါမာရီ ကွပ်ကဲရေးရုံးမှ စီစဉ်သည့် အဆိုပါစစ်ဆင်ရေးတွင် နာမည်ကျော် ၁၂ ဦးကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့၏ သွေးနမူနာနှင့် ထွက်ဆိုချက်များကိုယူရန် ဂျန်ဒါမာရီဌာနသို့ ခေါ်ဆောင်သွားခဲ့သည်ဟု တီအာတီရုပ်သံတွင် ဖော်ပြထားသည်။ အဆိုပါ နာမည်ကျော်များသည် မူးယစ်ဆေးသုံးစွဲမှု၊ မူးယစ်ဆေးသုံးစွဲရန်အားပေးမှု စွဲချက်များဖြင့် ရင်ဆိုင်ရမည်ဖြစ်သည်။ တူကီယဲနိုင်ငံသည် မူးယစ်ဆေးသုံးစွဲမှုကိုနှိမ်နင်းရန်နှင့် မူးယစ်ဆေးကုန်ကူးမှုတို့ကို နှိမ်နင်းရန် စစ်ဆင်ရေးများ ဆက်တိုက်ဆိုသလို ဆောင်ရွက်ခဲ့သည်။ ရလဒ်အနေဖြင့် မူးယစ်ဆေးများ သိမ်းဆည်းရရှိခဲ့ပြီး သံသယရှိသူ ထောင်နှင့်ချီ၍ ဖမ်းဆီးနိုင်ခဲ့သည်။
၂၀၂၃ ခုနှစ် လက်ရှိအစိုးရ စတင်တာဝန်ယူသည့်အချိန်မှစတင်ကာ တစ်နိုင်လုံးအတိုင်းအတာဖြင့် မူးယစ်ဆေးတိုက်ဖျက်မှုမှ သံသယရှိသူပေါင်း ၈၁၄၆၇ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီး အလီယာလီ ကာယာက ဩဂုတ်လအတွင်း ဖော်ပြခဲ့သည်။
ဆင်ဟွာ


