နေပြည်တော် ၅ အောက်တိုဘာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် Syngenta Foundation for Sustainable Agriculture တို့ပူးပေါင်း၍ ဇလုပ်စိုက်ပျိုးရေးသုတေသနခြံတွင် ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ၊ နှံစားပြောင်းနှင့် ဆတ်သီးနှံ သုတေသနလုပ်ငန်းများကို ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ပူးပေါင်းဆောင်ရွက်မှု သုတေသနလုပ်ငန်းများ၏ အစီအစဉ် တစ်ခုဖြစ်သည့် ဒေသနှင့် လိုက်လျောညီထွေသည့် အစေ့ထွက်နှင့် အရိုးထွက်ကောင်းသော ဆတ်သီးနှံမျိုးသစ်များ အထွက်ယှဉ်ပြိုင်ခြင်း သုတေသနလုပ်ငန်းအား ဇလုပ်စိုက်ပျိုးရေးသုတေသနခြံ၌ ၂၀၂၀ ပြည့်နှစ်၊ မိုးရာသီတွင် လေ့လာစမ်းသပ်လျက်ရှိပါသည်။ စားနပ်ရိက္ခာဖူလှုံရေးနှင့် တိရိစ္ဆာန်အစာတိုးတက် ထုတ်လုပ်ရေးအတွက် ရည်ရွယ်၍ အရည်အသွေးကောင်း ဆတ်သီးနှံမျိုးများ ထွက်ပေါ်လာရေးအတွက် မျိုးယှဉ်ပြိုင်စမ်းသပ် လေ့လာခြင်း သုတေသနလုပ်ငန်းကို ဇလုပ်စိုက်ပျိုးရေးသုတေသနခြံ တာဝန်ခံ ဦးကျော်စွာဦး ဦးဆောင်၍ စမ်းသပ်ကွက် တာဝန်ခံ ဦးအောင်ကျော်မိုးနှင့် သုတေသနပညာရှင်များက စမ်းသပ်ဆောင်ရွက်နေခြင်းဖြစ်သည်။
စမ်းသပ်မျိုးများအနက် ICMH-84814, ICMS-7835 နှင့် ICMV-82113 မျိုးများသည် အသက်လျှင်ခြင်း၊ ပင်ပွားများခြင်း၊ အရိုးရှည်ခြင်း၊ နှံစရှည်ခြင်းစသော အလားအလာကောင်းမျိုးများအဖြစ်တွေ့ရှိရပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ သီးနှံစိုက်ပျိုးသူ တောင်သူများအနေဖြင့် မျိုးနှင့်စိုက်ပျိုးနည်းပညာ အကူအညီများ ရယူလိုပါက စိုက်ပျိုးရေးသုတေသနဦးစီးဌာန (ရုံးချုပ်))နှင့် ဇလုပ်စိုက်ပျိုးရေး သုတေသနခြံရှိ သုတေသနပညာရှင်များနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ကြောင်း သိရသည်။
မေမိုးသဲ


