မြင်းခြံ ၄ ဇန်နဝါရီ       

 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် ဆင်ချောင်းကျေးရွာမှ ဒေသခံတောင်သူများ ဧရာဝတီမြစ်ရေတင်စနစ်ဖြင့် စိုက်ပျိုးထားရှိသော အစေ့ထုတ်ပြောင်းစိုက်ခင်းများတွင် ငမြှောင်တောင်ပိုးများ ကျရောက်နေသဖြင့် ဇန်နဝါရီ ၃ ရက်၊ နံနက် ၉ နာရီက မြင်းခြံခရိုင် စိုက်ပျိုးရေး ဦးစီးဌာနခရိုင်ဦးစီးမှူး ဦးမြင့်လင်း ဦးဆောင်၍ ဝန်ထမ်းများအဖွဲ့က အဆိုပါကျေးရွာသို့ သွားရောက်ပြီး ဒေသခံတောင်သူများထံ ငမြှောင်တောင်ပိုး ကာကွယ်နှိမ်နင်းရန်အတွက် သီးနှံကာကွယ်ရေးဌာနခွဲ(ရုံးချုပ်)မှ ထောက်ပံ့သည့် ဗိုက်တာနမ်ချပ်ကူ  ပိုးသတ်ဆေးများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ 

 

111 BC5

 

ပိုးသတ်ဆေး ထောက်ပံ့ပေးအပ်ရာတွင် မြင်းခြံခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်လင်းက တောင်သူများ သီးနှံဝင်ငွေလျော့နည်းမှု မရှိစေရေးအတွက် ငမြှောင်တောင်ပိုး ကာကွယ်နှိမ်နင်းခြင်းလုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တောင်သူများအနေဖြင့် ငမြှောင်တောင်ပိုး ကာကွယ်နှိမ်နင်းမှုလုပ်ငန်းများ၌ တက်ညီလက်ညီ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ပိုးသတ်ဆေးဖျန်းရာတွင် ဘေးအန္တရာယ်မဖြစ်အောင် စနစ်တကျ ကိုင်တွယ်အသုံးပြုပြီး ဆောင်ရွက်လုပ်ကိုင်ရန် လိုအပ်ကြောင်း ရှင်းလင်း ပြောကြားသည်။ 

 

ထို့နောက် ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက မြင်းခြံမြို့နယ် ဆင်ချောင်းကျေးရွာမှ အစေ့ထုတ်ပြောင်း စိုက်ပျိုးတောင်သူ ၃၃ ဦး အား အစေ့ထုတ်ပြောင်းစိုက်ခင်း ၃၃ ဧကအတွက် သီးနှံကာကွယ်ရေးဌာနခွဲ( ရုံးချုပ် ) မှ ထောက်ပံ့သည့် ဗိုက်တာနမ်ချပ်ကူ ပိုးသတ်ဆေးများအား တစ်ဦးချင်းအလိုက် လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။              

 

ရဲဝင်းနိုင် (ညောင်ဦး)

 

222 BC4