မျက်နှာအဆီပြန်သောကြောင့် သင်စိတ်ညစ်နေပါသလား။ အဆီပြန်ခြင်းကို ဖြေရှင်းမည်ဆိုလျှင် အဆီပြန်သော အသား အရေဆိုတာ ဘာလဲ၊ ဘယ်အရာတွေက အဆီပြန်စေသလဲ၊ အဆီပြန်ခြင်းဟာ သင့်ပုံစံကို ဘယ်လိုပြောင်းလဲစေသလဲ စသည်ကို နားလည်ရန် လိုအပ်ပါလိမ့်မယ်။
အဆီပြန်သော အသားအရေဆိုတာ ဘာလဲ။
အဆီပြန်သော အသားအရေဆိုသည်မှာ နဖူး၊ ပါး၊ နှာခေါင်းနှင့် မေးစေ့တွင် အဆီပြန်ခြင်းကို ဆိုလိုပါတယ်။ မျက်နှာသစ် ပြီးမကြာမီအဆီပြန်ကာ လက်ဖြင့်ကိုင်လိုက်သော အခါတွင် စေးကပ်ကပ်ခံစားမှုမျိုး ခံစားရမှာပါ။
အဆီပြန်သော အသားအရေသည် အထူးသဖြင့် အမျိုးသမီးငယ်များတွင် အဖြစ်များပြီး အရေပြား ထိန်းသိမ်းရာတွင် အခက်အခဲဖြစ်နိုင်ပါတယ်။
ဘာကြောင့်အဆီပြန်ပါသလဲ။
အဆီကို အရေပြားထဲရှိ အဆီဂလန်းမှ ထုတ်လုပ်ပေးပါတယ်။ အရေပြားကို မခြောက်သွေ့အောင်နှင့် ပျော့ပျောင်းစေရန် ခန္ဓာကိုယ်မှ ပြုလုပ်ပေးသော ပုံမှန်ဖြစ်စဉ်ဖြစ်ပါတယ်။ သို့သော်လည်း အဆီဂလန်းက လိုအပ်တာထက်ပို အဆီပို ထုတ်လုပ်မိပါက အဆီပြန်ခြင်းကို ဖြစ်စေပါတယ်။
လေ့လာမှုများအရ အဆီဘယ်လောက်ထုတ်မည်ကို မျိုးရိုးက အဓိကဆုံးဖြတ်ပါတယ်။ ကျွန်ုပ်တို၏အသားအရေ အမျိုးအစားသည် မိဘမျိုးရိုးနှင့် တူနေတတ်ပါတယ်။
ထို့ပြင် အဆီထုတ်လုပ်မှုကို ပြောင်းလဲစေနိုင်သော အကြောင်းအရာ များစွာရှိပါတယ်။ ၎င်းတို့မှာ-
ဟော်မုန်း
လူပျို၊ အပျိုဖော်ဝင်ချိန်တွင် အသားအရေ သိသိသာသာ ပြောင်းလဲသွားသည်ကို သင်သိပါသလား။ ယင်းအချိန်တွင် ဟော်မုန်း အပြောင်းအလဲကြောင့် အဆီထုတ်လုပ်မှုကို မထိန်းချုပ်နိုင်ဘဲ အဆီပြန်စေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်၊ သွေးဆုံးချိန်နှင့် ရာသီလာချိန်တွင်လည်း ဖြစ်ပေါ်နိုင်ပါ တယ်။
အစားအစာ
အစားအစာများကလည်း သင့်အသားအရေကို ကောင်းကျိုး ဆိုးကျိုး သက်ရောက်နိုင်ပါတယ်။ junk food၊ သကြား စသည်တို့ စားသုံးမည့် အစား အဆီထုတ်လုပ်မှု နည်းစေသော ဗီတာမင် B2 နှင့် B5 လုံလောက်စွာ ပါဝင်သောအစားအစာကို စားသုံးသင့်ပါတယ်။
စိတ်ဖိစီးမှုများခြင်း
စိတ်ဖိစီးမှုများပါက androgen ဟော်မုန်းကို အများအပြား ထွက်စေပြီး အဆီကိုပိုထုတ်စေပါတယ်။
ရာသီဥတု
ပူ၍စိုထိုင်းသော ရာသီဥတုတွင် အဆီကိုပိုထုတ်စေပြီး အဆီ ပြန်စေပါတယ်။
ဆေးဝါးများ
တားဆေးများ၊ ဟော်မုန်းအစားထိုးဆေးများနှင့် ဆီးဆေးများသည် အဆီထုတ်လုပ်မှုကို ပြောင်းလဲစေနိုင်ပါတယ်။
အဆီပြန်ခြင်း၏သက်ရောက်မှုများ
အထက်တွင် ဖော်ပြထားသည့်အတိုင်း အဆီအသင့်အတင့် ရှိပါက အသားအရေကို ပျော့ပြောင်း၍ ချောမွေ့စေပါတယ်။ သို့သော်လည်း လိုအပ်တာထက်ပိုပါက သင့်အသားအရေကို သက်ရောက်မှု များစွာရှိပါတယ်။
ချွေးပေါက်ကျယ်ခြင်း
ပိုလာသောအဆီများကို နေရာပေးရန် ချွေးပေါက်များ ကျယ်လာပါတယ်။
စေးကပ်၍ ပြောင်နေသော အသားအရေကြောင့် မိတ်ကပ်သုံး ရန်အခက်အခဲရှိခြင်း
ဝက်ခြံဖြစ်လွယ်ခြင်း
အဆီပိုများ၊ ပိုးမွှားများနှင့် ဆဲလ်အသေများ စုပေါင်းကာဝက် ခြံဖြစ်လာပါတယ်။
အဆီပြန်သောအသားအရေနှင့်နေပါ။
အဆီထုတ်လုပ်မှုသည် မျိုးရိုးနှင့် သက်ဆိုင်သောကြောင့် သင့်အရေပြား အမျိုးအစားကို ပြောင်းလဲဖို့တော့ မဖြစ်နိုင်ပါဘူး။ သင်လုပ်နိုင်သည်မှာ အဆီပြန်ခြင်းကြောင့်ဖြစ်လာမည့် အကျိုးဆက်များကို ဖြေရှင်းရန်သာ ဖြစ်ပါတယ်။
မျက်နှာသစ်ပါ။
မျက်နှာသစ်ခြင်းဖြင့် မသန့်သော အညစ်အကြေးများ စုပုံခြင်းမှ ကာကွယ်နိုင်ပါတယ်။ သို့သော်လည်း ၁ ရက်ကို ၃ ကြိမ် ထက်ပို၍ မသစ်ပါနှင့်။ အကြိမ်များများ သစ်ခြင်းကလည်း မကောင်းပါဘူး။
အဆီမပါသော skin care များကိုအသုံးပြုပါ။
အဆီမပါဝင်သော မိတ်ကပ်နှင့် cleanser များကိုရွေးချယ် အသုံးပြုသင့်ပါတယ်။
မျက်နှာပွတ်ခြင်းကိုရှောင်ကြဉ်ပါ။
အဆီပြန်၍ဝက်ခြံရှိပါကမျက်နှာကိုမကိုင်သင့်ပါဘူး။ ဝက်ခြံကို ပိုထွက်စေပြီး ပျောက်ကင်းဖို့ကြာရှည်ပါလိမ့်မည်။
ဆေးဝါးများ
အဆီပမာဏကို ထိန်းညှိပေးသော ဆေးဝါးများရှိပါတယ်။ ထိရောက်ဘေးကင်စွာ အသုံးပြုနိုင်ရန် ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးသင့်ပါတယ်။
ရေးသားသူ -Dr. Sandar Lin
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”