မျက်နှာအဆီပြန်သောကြောင့် သင်စိတ်ညစ်နေပါသလား။ အဆီပြန်ခြင်းကိုဖြေရှင်းမည်ဆိုလျှင် အဆီပြန်သော အသားအရေဆိုတာ ဘာလဲ၊ ဘယ်အရာတွေက အဆီပြန်စေသလဲ၊ အဆီပြန်ခြင်းဟာ သင့်ပုံစံကို ဘယ်လိုပြောင်းလဲစေသလဲ စသည်ကိုနားလည်ရန်လိုအပ်ပါလိမ့်မယ်။

 

အဆီပြန်သော အသားအရေဆိုတာဘာလဲ

 

အဆီပြန်သော အသားအရေဆိုသည်မှာ နဖူး၊ ပါး၊ နှာခေါင်း နှင့်မေးစေ့တွင် အဆီပြန်ခြင်းကို ဆိုလိုပါတယ်။ မျက်နှာသစ် ပြီးမကြာမီအဆီပြန်ကာ လက်ဖြင့်ကိုင်လိုက်သောအခါတွင် စေးကပ်ကပ် ခံစားမှုမျိုးခံစားရမှာပါ။

 

အဆီပြန်သော အသားအရေသည် အထူးသဖြင့် အမျိုးသမီး ငယ်များတွင်အဖြစ်များပြီး အရေပြား ထိန်းသိမ်းရာတွင် အခက်အခဲဖြစ်နိုင်ပါတယ်။

 

ဘာကြောင့်အဆီပြန်ပါသလဲ။

 

အဆီကိုအရေပြားထဲရှိ အဆီဂလန်းမှထုတ်လုပ်ပေးပါတယ်။ အရေပြားကိုမခြောက်သွေ့အောင်နှင့် ပျော့ပျောင်းစေရန် ခန္ဓါကိုယ်မှ ပြုလုပ်ပေးသောပုံမှန်ဖြစ်စဉ်ဖြစ်ပါတယ်။ သို့သော်လည်း အဆီဂလန်းက လိုအပ်တာထက် ပိုအဆီပို ထုတ်လုပ်မိပါကအဆီပြန်ခြင်းကိုဖြစ်စေပါတယ်။

 

လေ့လာမှုများအရ အဆီဘယ်လောက်ထုတ်မည်ကို မျိုးရိုးက အဓိကဆုံးဖြတ်ပါတယ်။ ကျွန်ုပ်တို့၏ အသားအရေ အမျိုးအစားသည် မိဘမျိုးရိုးနှင့် တူနေတတ်ပါတယ်။

ထို့ပြင် အဆီထုတ်လုပ်မှုကို ပြောင်းလဲစေနိုင်သောအကြောင်း အရာများစွာရှိပါတယ်။ ၎င်းတို့မှာ-

 

ဟော်မုန်း

 

လူပျို၊ အပျိုဖော်ဝင်ချိန်တွင် အသားအရေသိသိသာသာ ပြောင်းလဲသွားသည်ကိုသင်သိပါသလား။ ယင်းအချိန်တွင် ဟော်မုန်းအပြောင်းအလဲကြောင့် အဆီထုတ်လုပ်မှု ကိုမထိန်းချုပ်နိုင်ဘဲ အဆီပြန် စေပါတယ်။ ကိုယ်ဝန်ဆောင် ချိန်၊ သွေးဆုံးချိန် နှင့် ရာသီလာချိန်တွင်လည်းဖြစ်ပေါ်နိုင်ပါတယ်။

 

အစားအစာ

 

အစားအစာများကလည်း သင့်အသားအရေကို ကောင်းကျိုး ဆိုးကျိုးသက်ရောက်နိုင်ပါတယ်။ junk food၊ သကြား စသည်တို့စားသုံးမည့်အစား အဆီထုတ်လုပ်မှုနည်းစေသော ဗီတာမင် B2နှင့် B5 လုံလောက်စွာ ပါဝင်သောအစားအစာကို စားသုံးသင့်ပါတယ်။

 

စိတ်ဖိစီးမှုများခြင်း

 

စိတ်ဖိစီးမှုများပါက androgen ဟော်မုန်းကိုအများအပြား ထွက်စေပြီးအဆီကိုပိုထုတ်စေပါတယ်။

 

ရာသီဥတု

 

ပူ၍စိုထိုင်းသောရာသီဥတုတွင်အဆီကိုပိုထုတ်စေပြီးအဆီ ပြန်စေပါတယ်။

 

ဆေးဝါးများ

 

တားဆေးများ၊ ဟော်မုန်းအစားထိုးဆေးများနှင့် ဆီးဆေး များသည် အဆီထုတ်လုပ်မှုကို ပြောင်းလဲစေနိုင်ပါတယ်။

 

အဆီပြန်ခြင်း၏သက်ရောက်မှုများ

 

အထက်တွင် ဖော်ပြထားသည့်အတိုင်း အဆီအသင့်အတင့်ရှိပါက အသားအရေကို ပျော့ပြောင်း၍ ချောမွေ့စေပါတယ်။ သို့သော်လည်း လိုအပ်တာထက်ပိုပါက သင့်အသားအရေကို သက်ရောက်မှုများစွာ ရှိပါတယ်။

 

ချွေးပေါက်ကျယ်ခြင်း

 

ပိုလာသောအဆီများကိုနေရာပေးရန်ချွေးပေါက်များကျယ် လာပါတယ်။

 

စေးကပ်၍ပြောင်နေသောအသားအရေကြောင့်မိတ်ကပ်သုံး ရန်အခက်အခဲရှိခြင်း

 

ဝက်ခြံဖြစ်လွယ်ခြင်း

 

အဆီပိုများ၊ ပိုးမွှားများနှင့် ဆဲလ်အသေများစုပေါင်းကာ ဝက်ခြံဖြစ်လာပါတယ်။

 

အဆီပြန်သောအသားအရေနှင့်နေပါ။

 

အဆီထုတ်လုပ်မှုသည် မျိုးရိုးနှင့်သက်ဆိုင်သောကြောင့်သင့် အရေပြားအမျိုးအစားကို ပြောင်းလဲဖို့ တော့ မဖြစ်နိုင်ပါဘူး။ သင်လုပ်နိုင်သည်မှာ အဆီပြန်ခြင်းကြောင့်ဖြစ်လာမည့် အကျိုးဆက် များကို ဖြေရှင်းရန်သာဖြစ်ပါတယ်။

 

မျက်နှာသစ်ပါ

 

မျက်နှာသစ်ခြင်းဖြင့် မသန့်သော အညစ်အကြေးများစုပုံခြင်း မှကာကွယ်နိုင်ပါတယ်။ သို့သော်လည်း ၁ရက်ကို ၃ ကြိမ် ထက်ပို၍မသစ်ပါနှင့်။ အကြိမ်များများသစ်ခြင်းကလည်းမ ကောင်းပါဘူး။

 

အဆီမပါသော skin care များကိုအသုံးပြုပါ။

 

အဆီမပါဝင်သော မိတ်ကပ်နှင့် cleanser များကိုရွေးချယ် အသုံးပြုသင့်ပါတယ်။

 

မျက်နှာပွတ်ခြင်းကိုရှောင်ကြဉ်ပါ။

 

အဆီပြန်၍ ဝက်ခြံရှိပါက မျက်နှာကို မကိုင်သင့်ပါဘူး။ ဝက်ခြံ ကိုပိုထွက်စေပြီး ပျောက်ကင်းဖို့ ကြာရှည်ပါလိမ့်မည်။

 

ဆေးဝါးများ

 

အဆီပမာဏကိုထိန်းညှိပေးသောဆေးဝါးများရှိပါတယ်။

 

ထိရောက်ဘေးကင်စွာအသုံးပြုနိုင်ရန်ဆရာဝန်နှင့်တိုင်ပင် ဆွေးနွေးသင့်ပါတယ်။

 

ရေးသားသူ Dr. Sandar Lin

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

 “ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်