အဆိပ်ပန်းများ မပွင့်စေလို

လူမှုကွန်ရက်စာမျက်နှာများ အပါအဝင် မြန်မာ့ယဉ်ကျေးမှုကို ဆန့်ကျင်သော၊ ညစ်ညမ်းသော အပြောအဆို၊ အပြုအမူများ ပါဝင်သည့် ရိုက်ကူးထုတ်လွှင့်ဖော်ပြမှုများနှင့် ပတ်သက်၍ ထုတ်လုပ်သူ၊ စီစဉ်ရိုက်ကူးသူ၊ သရုပ်ဆောင်သူများအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတိပေးကြေညာထားပြီဖြစ်သည်။ ထို့အပြင် သက်ဆိုင်ရာအလိုက် ဖွဲ့စည်းထားသော အစည်းအရုံးများကလည်း လိုအပ်သလို ထိန်းကျောင်းတည့်မတ်ပေးနိုင်ရန် အသိပေးထားသည်။

 

ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် အဆိုပါသတိပေးတားမြစ်ချက်သည် လူမှုကွန်ရက် စာမျက်နှာများတွင် ထုတ်လွှင့်နေသည့် ညစ်ညမ်းသော တေးသီချင်းဗီဒီယိုများကို ဦးတည်ထားစေကာမူ မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်ပြီး မောင်နှင့်နှမ၊ သားနှင့်အမိ မိသားစုချင်း အတူကြည့်ရှုရန် မသင့်လျော်သည့် အပြောအဆို၊ အပြုအမူ၊ ပြကွင်းပြကွက်များ ရိုက်ကူးထုတ်လွှင့် ဖော်ပြမှုအားလုံး အကျုံးဝင်မည်ဖြစ်သည်။ စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတတို့အပါအဝင် မီဒီယာဟူသမျှတို့တွင် လူမှုအဖွဲ့အစည်းကို ဩဇာသက်ရောက်စေသည့် အစွမ်းသတ္တိရှိသည်။ ၎င်းအစွမ်းသတ္တိကို တန်ဖိုးရှိရှိ အသုံးချကာ မိမိတို့လူ့အဖွဲ့အစည်းကို ပြုပြင်ထိန်းကျောင်းနိုင်သည်။ ယဉ်ကျေးမှုကို မြှင့်တင်နိုင်သည်။ နိုင်ငံနှင့် လူမျိုး၏ပုံရိပ်ကို လှပအောင်ဖန်တီးနိုင်သည်။

 

ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားတိုင်းသည် စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတို့ကို လွတ်လပ်စွာပြုစုပျိုးထောင် ဆောင်ရွက်နိုင်သည့် နိုင်ငံသားအခွင့်အရေး ရှိသော်လည်း ဥပဒေနှင့် အညီသာ ဖြစ်သည်။ အွန်လိုင်းတွင် ပြသနေသည့် သီချင်းဗီဒီယိုများမှာ မည်သည့်နည်းဖြင့်ဖြစ်စေ ကြည့်ရှုသူများစေရန်နှင့် ထင်ပေါ်ကျော်ကြားစေရန် ရည်ရွယ်ချက်ဖြင့် ရိုက်ကူးကြရာမှ နယ်ကျွံကုန်ကြခြင်း ဖြစ်ဟန်ရှိသည်။ မိမိတို့နိုင်ငံ၊ မိမိတို့လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုကို လျစ်လျူရှုပြီး ရိုင်းသည်ထက်ရိုင်း၊ ကြမ်းသည်ထက်ကြမ်းသည့် အပြောများ၊ အပြများကို ရိုက်ကူးပြသကြရာမှ ညစ်ညမ်းသည့်အခြေအနေသို့ ရောက်ရှိသွားကြခြင်း ဖြစ်သည်။

 

အွန်လိုင်းတွင် ထုတ်လွှင့်နေကြသည့် အမ်တီဗွီများ၊ ကြော်ငြာများ၊ ဇာတ်ကားများ၊ ဇာတ်လမ်းတွဲများ ဟူသမျှတို့မှာ လူ့အဖွဲ့အစည်းအပေါ် ဩဇာလွှမ်းမိုးမှုရှိသည်ဟုဆိုရာတွင် စဉ်းစားဆုံးဖြတ်နိုင်စွမ်း နည်းနေသေးသည့် ကလေးများနှင့် ဆယ်ကျော်သက်အရွယ်များအပေါ်တွင် ပိုမို၍သက်ရောက်သည်ဟု ဆိုသည်။ အချို့သောပြကွက်များသည် ညစ်ညမ်းသည်ဟု အဓိပ္ပာယ်ဖွင့်ဆို၍ မရသော်လည်း အမျိုးသားယဉ်ကျေးမှုကို ထိပါးစေသည်။ ကလေးများနှင့် လူငယ်များကို အတုယူမှားစေသည်။ လူမှုအသိုက်အဝန်း၏ စာရိတ္တမဏ္ဍိုင်ကို ယိမ်းယိုင်စေသည်။ အွန်လိုင်းပလက်ဖောင်းများ ပေါ်ပေါက်လာခြင်းသည် အနုပညာကို ဖန်တီးလိုသူများအတွက် အခွင့်အရေးများပင်ဖြစ်ရာ မီးရှူးမီးပန်း သဖွယ် ခေတ္တမျှပေါ်လာပြီး ပျောက်ကွယ်သွားမည့် ထင်ပေါ်ကျော်ကြားမှုမျိုးကို မဖန်တီးဘဲ ဂုဏ်သိက္ခာ ရှိရှိ ရာသက်ပန်ရပ်တည်သွားနိုင်ရန် ကြိုးပမ်းသင့်သည်။ လက်ရှိခေတ်ပေါ်တေးဂီတလောကတွင် ကြယ်ပွင့်များအဖြစ် ရပ်တည်နေကြသူများမှာ ပင်ကိုအနုပညာ ဗီဇ၊ ဝါသနာတို့ဖြင့် ကြိုးစားတက်လှမ်း လာခဲ့ကြသူများဖြစ်ရာ မိမိတို့၏ရှေ့မှ အဆိုပါ အနုပညာညီအစ်ကိုမောင်နှမများကို အတုယူကြရန် လိုသည်။

 

အနုပညာသည် ရောင်းကုန်သက်သက်မျှမဟုတ်ဘဲ ယဉ်ကျေးမှုပစ္စည်းလည်းဖြစ်သည်။ ထို့အပြင် လူ့အဖွဲ့အစည်းကို ဩဇာလွှမ်းမိုးနိုင်စွမ်းလည်းရှိသည့်အလျောက် မိမိဖန်တီးထုတ်လုပ်လိုက်သည့် အနုပညာထုတ်ကုန်သည် လူမှုအကျိုးပြု မဖြစ်လျှင်ပင် အဆိပ်အတောက်မဖြစ်အောင် ဖန်တီးကြဖို့ တာဝန်ရှိသည်။ တဒင်္ဂထင်ပေါ်ကျော်ကြားမှုနှင့် ငွေကြေးရလိုမှုတို့နောက်သို့ လိုက်ပါကာ အနုပညာကို အဆိပ်အတောက်အဖြစ် ဖန်တီးထုတ်လုပ်ကြခြင်းဖြင့် မိမိတို့ကိုယ်တိုင်လည်း အဆိပ်သင့်မည့် အန္တရာယ်ကို ဆင်ခြင်အသိဖြင့် သတိချပ်နိုင်ကြပါစေကြောင်း။ ။

 

မြန်မာ့အလင်း