ဩဂုတ် ၁၈
ကိုဗစ်-၁၉ ကပ်ရောဂါသည် ကမ္ဘာပေါ်၌ မမျှော်လင့်ဘဲ ရုတ်တရက်ပေါ်ပေါက်လာသည့် ရောဂါအသစ်အဆန်း တစ်မျိုး ဖြစ်သည်။ ထိုကပ်ရောဂါအား ကာကွယ်၊ ထိန်းချုပ်နိုင်ရန် ရောဂါကာကွယ်ဆေးကို လက်တွေ့ရရှိပြီး အသုံးချနိုင်ရန်လိုအပ်သည်။ ယခုအခါ နိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စမ်းသပ်တွေ့ရှိပြီဟု ဆိုကြသော်လည်းလက်တွေ့တွင် ယုံကြည်စိတ်ချရသည့် တိကျသောရလဒ်ကို ထုတ်ဖော်နိုင်ခြင်း မရှိသေးသဖြင့် ကပ်ရောဂါအတွက် စိတ်အေးရမည့် အခြေအနေသို့ ရောက်ပြီဟု မဆိုနိုင်သေးပေ။
ယခုအခါ ကမ္ဘာ့နိုင်ငံနှင့် ဒေသပေါင်း ၁၉၆ နေရာတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသည့် ကမ္ဘာ့ပြည်သူ ၂၁ သန်းခွဲကျော်ရှိသည်။ ကပ်ရောဂါကြောင့် သေဆုံးသူ ရှစ်သိန်းနီးပါး ရှိပြီး ပြန်လည်ကျန်းမာလာသူ ပြည်သူများမှာ တစ်သန်းခွဲနီးပါး ရှိသည်။ ကမ္ဘာ့နိုင်ငံအများစုသည် ကိုဗစ်-၁၉ ဒုတိယလှိုင်းနှင့် ကြုံတွေ့နေရသဖြင့် ကိုဗစ်-၁၉ ကို ကျော်လွှားနိုင်ရန် ရောဂါကာကွယ်ဆေးအား အပြိုင်အဆိုင် သူ့ထက်ငါဦးအောင် ထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ဩဂုတ် ၁၇ ရက်နေ့အထိ ဓာတ်ခွဲစစ်ဆေးသူ စုစုပေါင်း ၁၃၆၁၅၃ ဦးရှိပြီး ရောဂါပိုး တွေ့ရှိသူလူနာပေါင်း ၃၇၆ ဦးရှိသည်။ ထိုလူနာများအနက် ရောဂါပိုးကင်းစင် လာသူ ၃၃၁ ဦးရှိပြီး သေဆုံးသူခြောက်ဦးရှိကာ စောင့်ကြည့်လူနာ ၇၀၆၉ ရှိသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ရောဂါပိုးအများဆုံးတွေ့ရှိသောဒေသမှာ ရန်ကုန်တိုင်းဒေသကြီး ဖြစ်ပြီး ရောဂါပိုးမတွေ့ရှိသောဒေသမှာ ကယားပြည်နယ် ဖြစ်သည်။ ။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျင်မြန်စွာ မြင့်တက်လျက်ရှိပြီး ဩဂုတ် ၁၅ ရက်နေ့ တစ်ရက်တည်းတွင် ရောဂါကူးစက်ခံရသူ ၆၅၀၀၀ကျော် ရှိခဲ့သည်ဟု သိရသည်။ ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာ့ကပ်ရောဂါဖြစ်သဖြင့် မြန်မာနိုင်ငံ၏ ရောဂါဖြစ်ပွားမှုဖြစ်စဉ် အခြေအနေသာမက အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများတွင် ရောဂါဖြစ်ပွားကူးစက်မှု အခြေအနေများကိုပါ အမြဲမပြတ် လေ့လာဆန်းစစ်၍ ကာကွယ်၊ ထိန်းချုပ်မှုများကို ပြုလုပ်လျက်ရှိသည်။ မြန်မာနိုင်ငံ၌ ရောဂါပိုးတွေ့ရှိမှုများကို လေ့လာကြည့်မည်ဆိုလျှင် ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံးဖြစ်ပြီး အနောက်ဘက် အိမ်နီးချင်းနိုင်ငံများနှင့် ထိစပ်လျက်ရှိသည့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့၌ ရောဂါပိုးတွေ့ရှိသူ ဒုတိယအများဆုံးဖြစ်သည်ကို တွေ့ရသည်။ သြဂုတ် ၁၆ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့၌ ရောဂါပိုးတွေ့ရှိသူ လူနာအမှတ်စဉ် ၃၇၅ မှာ ပြည်ပသို့ ခရီးသွားရာဇဝင်လည်းမရှိ၊ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာနှင့်လည်း ထိတွေ့မှုမရှိရာ ပြည်တွင်း၌ ရောဂါလက္ခဏာ တစ်စုံတစ်ရာ ပြသခြင်းမရှိဘဲ ပေါ်ပေါက်လာခြင်းဖြစ်၍ ပြည်သူလူထုအတွင်း ရောဂါကူးစက်ခြင်း မရှိအောင် အထူးဂရုစိုက်ကြရမည် ဖြစ်သည်။ ကမ္ဘာ့သုတေသန တွေ့ရှိချက်အရ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူများတွင် ဆေးရုံတက်ရောက်၍ ထိထိရောက်ရောက်ကုသရန် လိုအပ်သည့်လူနာများမှာ ၂၀ ရာခိုင်နှုန်းရှိပြီး ကျန်လူနာများမှာ ရောဂါလက္ခဏာ တစ်စုံတစ်ရာမပြသူ၊ မပြင်းထန်သော ရောဂါလက္ခဏာ ရှိသူများဖြစ်၍ ကမ္ဘာ့ပြည်သူအတွင်း ရောဂါပျံ့နှံ့မှုများ မြင့်တက်နေသည်ဟု ဆိုရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ရောဂါဖြစ်ပွားသူများအနက် ရာခိုင်နှုန်း ၆၀ ကျော်မှာ ရောဂါလက္ခဏာ ပြသခြင်းမရှိသဖြင့် ပြည်သူလူထုအတွင်း ရောဂါကူးစက်မှုမရှိအောင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို ဆက်လက်လိုက်နာကြရမည် ဖြစ်သည်။
မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုကို အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်နိုင်သည် ဆိုသော်လည်း ဝန်ကြီးဌာနမှ နှိုးဆော်တိုက်တွန်းထားသော ရောဂါကာကွယ်ရေး ဆောင်ရန်/ ရှောင်ရန် အချက်များကို နေရာအများအပြား၌ လိုက်နာမှု နည်းပါးနေသည်ကို တွေ့ရှိနေရသည်။ မြန်မာတို့သည် သွေးပူ၊ သွေးအေး အတက်၊ အကျများပြီး ဘာမျှမဖြစ်လျှင် ဘာမျှမဖြစ်ဟူသည့် အစွန်းနှစ်ပါးရှိသော အားနည်းချက်သည် အန္တရာယ်ဖြစ်စေနိုင်သည့်အချက်ဖြစ်ကြောင်း အထူးသတိပြုရမည်ဖြစ်သည်။
သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါကို အဆိုးဆုံး ဖြစ်ပေါ်လာနိုင်သည့် အခြေအနေအား မြော်တွေး၍ လက်ရှိထိန်းသိမ်းထားသော အခြေအနေကောင်းများနှင့် ရရှိထားသော အရင်းအမြစ်များဖြင့် အကောင်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင်ထားရမည် ဖြစ်ပါကြောင်း။ ။
ကြေးမုံ