ကိုလင်း

၁၉၉၈ ခုနှစ်က အနုပညာလောကထဲကို ခိုင်မာလာနှင်းဆီဆိုသည့် အမည်ဖြင့် စတင် ဝင်ရောက်ခဲ့ပြီး ထက်ထက်မိုးဦးအမည်ဖြင့် ရုပ်ရှင်လောကတွင် ထပ်ဆင့်အကယ်ဒမီ ရရှိခဲ့သလို တီဗွီကြော်ငြာများတွင်လည်း အနုပညာ ဘုရင်မတစ်ဦးအဖြစ် ပရိသတ် တင်စားခြင်းကို ခံခဲ့ရသည့် ထက်ထက်မိုးဦးအနေဖြင့် လာမည့် ဒီဇင်ဘာလထဲတွင် ရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကားတစ်ကား၌ အဆိုတော် ရွှေထူး၏ အစ်မအဖြစ် သရုပ် ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထက်ထက်မိုးဦးအနေဖြင့် နှလုံးရောဂါ အခံရှိသူတစ်ဦးလည်း ဖြစ်သောကြောင့် ကျန်းမာရေး အခြေအနေအရ ဇာတ်ကားရိုက်ကူးမှုများကို နားထားခဲ့ရပြီးနောက် ယခု အနုပညာ လှုပ်ရှားမှုများကို ပြန်လည်လုပ်ကိုင် နေခြင်းဖြစ်ကြောင်း သိရသည်။

“ထက်က ကျန်းမာရေးက ခဏခဏဖြစ်နေတာဆိုတော့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နေရတဲ့ အချိန်က များတယ်၊ အရမ်းကြီး ပင်ပန်းတာမျိုးကို လုပ်ရတဲ့ လုပ်ကွက်တွေတော့ မလုပ်နိုင်တော့ဘူးလေ၊ အခုလည်း ကိုယ့်ကိုယ်ပရိုဂျူဆာတွေက လာငှားကြတဲ့အခါ အမေခန်း၊ အစ်မခန်းတွေ များပါတယ်၊ ကိုယ်ကလည်း အနုပညာသမားတစ်ယောက်ဆိုတော့ အနုပညာစိတ်က ဘယ်တော့မှ ပျောက်မှာမဟုတ်ဘူးဆိုတော့ လက်ခံပြီး ကြိုက်ရင်ရိုက်တာပါပဲ၊ ကျန်းမာရေးကလည်း မဆိုးဘူးဆိုတဲ့အခြေအနေလေး ဖြစ်လာတော့ အခုလာမယ့် ဒီဇင်ဘာလထဲမှာတော့ အဆိုတော်ရွှေထူးနဲ့ သူ့ရဲ့အစ်မနေရာကနေ သရုပ်ဆောင်ဖို့ ပြင်ဆင်နေပါတယ်၊ အခုရိုက်မယ့် ကားလေးက ဒရမ်မာကားလေး တစ်ကားပါပဲ၊ ထက်တို့က အခုချိန်မှာ အသက်အရွယ်အရဆိုတော့ အရင် ငယ်ရွယ်တုန်းကလိုတော့ ကိုယ်လုပ်ချင်တာလုပ်ခွင့် ဘယ်ရတော့မလဲပေါ့နော်၊ တစ်ချိန်က ကိုယ်တွေငယ်တုန်းကလည်း ကိုယ့်ရှေ့က အနုပညာရှင်ကြီးတွေက နေရာဖယ်ပေးရတာ သဘာဝပဲလေ၊ ဒါတွေ လိုက်ခံစားနေလို့တော့ ဘယ်ရမလဲ၊ အရင်တုန်းကအချိန်တွေကို လွမ်းမိတာတော့ အမှန်ပါပဲ” ဟု ထက်ထက်မိုးဦးက ပြောဆိုသည်။

ယခုခေတ်တွင် ပြောင်းလဲတိုးတက်လာသော အနုပညာဖန်တီးမှု အခြေအနေများနှင့် ပတ်သက်၍လည်း ထက်ထက်မိုးဦးက “ပြောင်းလဲမှုတွေကတော့ အလွန်ကို ကောင်းလာပါတယ်၊ ထက်တို့တုန်းက ပုံစံလေးတွေက အခြေခံသဘောတရားလောက်တော့ ရှိသေးတာပေါ့နော်၊ အခုဆို ရိုက်ချက်တွေ၊ စကားပြောတဲ့ပုံစံတွေ၊ ရိုက်မယ့်ပုံစံတွေ၊ ယူထားတဲ့ အပြင်အဆင်တွေ အကုန်လုံးက အရင်ကထက် ကွာသွားတယ်” ဟု သုံးသပ်ပြောကြားသည်။

မြန်မာ့အလင်း