နေပြည်တော် ဇူလိုင် ၈

 

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ်(၁၈) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် အဆိုပါတက္ကသိုလ် နီလာခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြား/ စီမံဌာနများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဦးဆန်းမြင့်က ဝန်ကြီးဌာန၊ အဖွဲ့အစည်းအသီးသီး၏ စီမံခန့်ခွဲအုပ်ချုပ်မှုပိုင်းတွင် တာဝန်ထမ်းဆောင်လျက်ရှိပြီး နိုင်ငံ၏တာဝန်များကို ပုခုံးပြောင်းထမ်းဆောင်ကြမည့် အဆင့်မြင့်အရာရှိကြီးများ၏ အရည်အသွေး မြင့်မားထက်မြက်လာစေရန်၊ ဦးဆောင်နိုင်မှုစွမ်းရည် တိုးတက်လာစေရန်နှင့် အနာဂတ်တွင် အဆင့်မြင့်အရာရှိကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုအရည်အသွေးများ တိုးတက်လာအောင် လေ့လာဆန်းစစ်ပြီး အကျိုးရှိသော၊ အပြုသဘောဆောင်သော စိတ်ဓာတ်များကိုမွေးမြူ၍ ယုံကြည်ချက်ခိုင်ခိုင်မာမာနှင့် မိမိတို့ဝန်ထမ်းများ၏ စွမ်းရည်မြှင့်တင်နိုင်ရေး နည်းပေးလမ်းပြကြရန်၊ နိုင်ငံတော်၏ စီမံအုပ်ချုပ်မှုယန္တရား အောင်မြင်စွာ လည်ပတ်နိုင်စေရေး ကျရာကဏ္ဍမှ တာဝန်ကျေပွန်စွာ ထမ်းရွက်ရုံသာမက တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် စေတနာထား ဆောင်ရွက်ကြရန်နှင့် နိုင်ငံတော်၏ မူဝါဒ၊ မျှော်မှန်းချက်၊ ဦးတည်ချက်များကို အဆင့်မြင့်အရာရှိကောင်းများအဖြစ် စွမ်းစွမ်းတမံ ကြိုးပမ်းအကောင်အထည်ဖော်ကြရန် တိုက်တွန်းမှာကြားသည်။

 

သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ(၄၂)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ဇူလိုင် ၈ ရက်မှ စက်တင်ဘာ ၄ ရက်အထိဖြစ်ကြောင်း၊ သင်တန်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် ပညာဌာန(၈)ခုမှ ဆရာ၊ ဆရာမများ၊ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ အဆင့်မြင့်အရာရှိကြီးများနှင့် ကျွမ်းကျင်ပညာရှင်များက ၎င်းတို့၏အတွေ့အကြုံနှင့် ပညာရပ်ပိုင်းဆိုင်ရာများကို သင်ကြားပို့ချမည်ဖြစ်သည့်အပြင် လက်နက်ငယ်ပစ်ခတ်ခြင်းနှင့် အခြေခံကာကွယ်ရေး ပညာရပ်များကို စာတွေ့၊ လက်တွေ့ လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်