မန္တလေး ၁၆   မေ

 

ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်နိုင်ရန်နှင့် ဈေးစည်းကမ်းတကျ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီး ဈေးရုံအသီးသီးရှိ ဈေးဆိုင်လျှောက်လမ်းများ ကျယ်ပြန့်စေရန်၊ လေဝင်လေထွက်နှင့် အလင်းရောင် ကောင်းမွန်စွာ ရရှိစေရန်အတွက် သတ်မှတ်ဧရိယာထက် ကျူး၍ခင်းကျင်းထားသော ကုန်ပစ္စည်းများ၊ ဗီရိုများ၊ ခုံရှည်များကို ဖယ်ရှားရှင်းလင်းနေကြောင်း သိရသည်။

 

"ဒီနေ့ ကျွန်တော်တို့ ဈေးရုံအနေနဲ့ကတော့ သတ်မှတ်စည်းကမ်းနဲ့အညီ သန့်ရှင်းရေး ဝင်နေပါတယ်။ သတ်မှတ်စည်းကမ်းနဲ့အညီ လုပ်ပြီးရင် သူတို့ ဈေးဖွင့်ရက်ကို ပြန်ကြေညာပေးမယ်ပေါ့။ များသောအားဖြင့် ရုံတိုင်းမှာ သတ်မှတ်စည်းကမ်းနဲ့ မညီဘဲ ခင်းထားတဲ့ဆိုင်ခန်းတွေက အများကြီးပေါ့။ တစ်ခါတလေ တစ်ယောက်နဲ့တစ်ယောက်တွန်းတိုက်ပြီး သွားနေရတဲ့ အခြေနေမျိုးပေါ့။ အခုလို သတ်မှတ်စည်းကမ်းနဲ့အညီဆောင်ရွက်ပေးတဲ့အတွက် ဈေးဝယ်ရော ဈေးသွားဈေးလာရော အကုန်လုံးအတွက် အဆင်ပြေမယ်လို့ ထင်မိပါတယ်။ နေရာလည်း ကျယ်ဝန်းသွားမယ်။" ဟု အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီး E ရုံမြေညီထပ် ဈေးအကျိုးတော်ဆောင် ဦးဖိုးနီက ပြောသည်။

 

ထိုသို့ဖယ်ရှားရှင်းလင်းရာတွင် ဆိုင်ခန်းရှင်များအနေဖြင့် ဆိုင်ခန်းတစ်ခန်းလျှင် အကူဝန်ထမ်း တစ်ယောက်စီဖြင့် လာရောက်ရှင်းလင်း သယ်ယူရန် မေ ၁၆ ရက်နှင့် ၁၇ ရက်များတွင် မနက် ၈ နာရီမှ ညနေ ၄ နာရီထိ ဈေးရုံများ ဖွင့်ပေးထားကြောင်း၊ ဈေးသို့လာသူများအားလုံး Mask တပ်ထားရန်၊ ကိုယ်ပူ၊ ချောင်းဆိုးနေသူများ လာရောက်ခြင်း မပြုရန်နှင့် သန့်ရှင်းရေးနှင့် ကုန်ပစ္စည်းသယ်ယူရန်အတွက်သာ ခွင့်ပြုပြီးဈေးရောင်းချခွင့် မပြုရန် စည်ကမ်းချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။

 

 ထိပ်ထားနိုင်