ရန်ကုန် ၁၇ ဖေဖော်ဝါရီ
နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် အဆင့်မြင့်သံတမန်ရေးရာ ကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် (၆/၂၀၂၀) ၏ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပရာ အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ အငြိမ်းစားသံအမတ်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဝါရင့်သံတမန်များ၊ သင်တန်းနည်းပြဆရာကြီး၊ ဆရာမကြီးများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနသည် အခြေခံနှင့် အဆင့်မြင့်သံတမန်ရေးရာ ကျွမ်းကျင်မှု သင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်၍ အစိုးရကဏ္ဍနှင့် ပုဂ္ဂလိကများမှ ပုဂ္ဂိုလ်များအား သံတမန်ရေးရာဘာသာရပ်များနှင့် အသိပညာများကို မျှဝေပေးခြင်းအားဖြင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိသည်။ အဆင့်မြင့်သံတမန်ရေးရာကျွမ်းကျင်မှု သင်တန်းကို အခြေခံ သံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း တက်ရောက်အောင်မြင်ပြီးနောက် သံတမန်ရေးရာများနှင့် နိုင်ငံတကာရေးရာများကို ပိုမိုလေ့လာလိုသူများအတွက် ရည်ရွယ်ဖွင့်လှစ် ခြင်းဖြစ်သည်။
အဆိုပါသင်တန်းတွင် သံတမန်ရေးရာဘာသာရပ်များ၊ နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်များ၊ အပြည်ပြည်ဆိုင်ရာဥပဒေ၊ မျက်မှောက်ခေတ်နိုင်ငံတကာရေးရာများ၊ မြန်မာ့ရေးရာများနှင့် အထွေထွေဗဟုသုတဆိုင်ရာ ဘာသာရပ်များကို သင်တန်းကာလ ရက်သတ္တပတ် (၈) ပတ် ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၅၀) တက်ရောက်ကြသည်။
သတင်းစဉ်


