ဇင်လင်းမြင့်
ရန်ကုန်မြို့ရဲ့ပြည်သူတွေအတွက် နေ့စဉ်ထိတွေ့ ဝယ်ယူနေရတဲ့ နေရာတွေထဲမှာ ဈေးတွေလည်း ပါဝင်နေပါတယ်။ ရန်ကုန်မြို့ စည်ပင်သာယာ ဈေးတွေထဲမှာ အချို့ဈေးတွေကို ပြုပြင်တည်ဆောက် ထားပြီးဖြစ်ပေမယ့် တချို့ဈေးတွေကတော့ အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ဖို့လိုအပ် နေဆဲပါပဲ။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ လက်အောက်မှာရှိတဲ့ ဈေးပေါင်း ၂၇ ဈေးကို အဆင့်မြှင့်တင်ဖို့ လိုအပ်နေတာမို့ ဆောင်ရွက်စီစဉ်သွားမှာ ဖြစ်တယ်လို့ ရန်ကုန် စီးပွားရေးဖိုရမ်မှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောထားပါတယ်။ တကယ့်မြေပြင်မှာလည်း ရန်ကုန်မြို့ရဲ့ စည်ပင်သာယာဈေးအချို့ ဟာ ပြုပြင်တည်ဆောက်မှုတွေပြုလုပ်ဖို့ ဆောင်ရွက်ရမယ့်အခြေအနေ ရောက်ရှိနေပါတယ်။
ဈေးအဆင့် လေးဆင့်ခွဲခြား
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ မြို့တော်စည်ပင်သာယာရေးကော်မတီ လက်အောက်မှာရှိတဲ့ ဈေးပေါင်း ၁၇၈ ဈေးရှိနေပြီး အဲဒီဈေးတွေထဲမှာ ဈေးတွေရဲ့အဆင့်ကို အဆင့်လေးဆင့်ခွဲခြား သတ်မှတ်ထားပါတယ်။ အဲဒီလေးဆင့်မှာ (က)အဆင့်၊ (ခ)အဆင့်၊ (ဂ)အဆင့်နဲ့ (ဃ) အဆင့်ဈေးတွေပဲ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနဲ့ ဈေးတွေကို အဆင့်မြှင့်တင်ဖို့ ဖြစ်နိုင်ခြေ လေ့လာထားတဲ့ ဈေးအချို့ရှိနေပြီး အဓိက ဈေးကြီးအချို့လည်း ပါဝင်နေပါတယ်။ အဆင့်မြှင့်တင်လိုတဲ့ ဈေးတွေထဲမှာ ဗိုလ်ချုပ်အောင်ဆန်းဈေး၊ ဘိုကလေးဈေး၊ လှိုင်ရတနာဈေး၊ လှိုင်ဈေးကြီး၊ လှည်းတန်းဈေး၊ အင်းစိန်မြို့သစ်ဈေး၊ မင်္ဂလာဈေး၊ မြရတနာဈေး၊ ရတနာမွန်ဈေး၊ ညောင်ပင်လေးဈေး၊ ပိတောက်မြိုင်ဈေး၊ ပုဇွန်တောင် ဈေး၊ စံပြ ဈေး၊ မင်္ဂလာတောင်ညွန့် ဈေး၊ တာမွေဈေး၊ သန်လျင်ဈေး၊ သာကေတဈေး၊ ဆင်မင်းဈေး စတဲ့ ဈေးတွေ ဖြစ်ပါတယ်။ ရပ်ကွက်နေပြည်သူတွေ အလွယ်တကူ အဆင် ပြေစွာနဲ့ ဝယ်ယူသွား လာလို့ရအောင် အဆင့်မြှင့်တင်ဖို့ လိုအပ်နေတာတော့ အမှန်ပါပဲ။
ရပ်ကွက်အတွင်း ဈေးများအရေးပါမှု
တောင်ဥက္ကလာပမြို့နယ်မှာရှိတဲ့ ရွှေယမုံဈေးဟာ အကျယ်အဝန်း မြေဧက သုံးဧကရှိပြီး ပုဇွန်တောင်မြို့နယ်က ပုဇွန်တောင်ဈေးဟာ အကျယ်အဝန်း ခြောက် ဧကခန့် ရှိနေပါတယ်။ တာမွေဈေးကတော့ အကျယ်အဝန်း ၄ ဧကရှိပြီး သီရိမင်္ဂလာဈေးဟောင်းက ၅ ဧကခန့်ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ရန်ကုန်မြို့နေ ပြည်သူတွေ နေ့စဉ်သွားလာမှုအဆင်ပြေပြီး လိုအပ်တဲ့ ပစ္စည်းတွေကို လွယ်လင့်တကူ ဝယ်ယူနိုင်ဖို့အတွက် ရပ်ကွက်အတွင်းက ဈေးတွေဟာ အဓိကအခန်းကဏ္ဍက ပါဝင်နေပါတယ်။
သန့်ရှင်းသပ်ရပ်ပြီး ဈေးရောင်းသူရော၊ ဈေးဝယ်သူပါ အဆင်ပြေစေနိုင်မယ့်အပြင် အဆင့်အတန်းရှိရှိ ဈေးတွေထွက်ပေါ်လာနိုင်ဖို့ဆိုတာ ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဈေးရောင်းသူ ဝယ်သူတွေဖြစ်တဲ့ ပြည်သူတွေ ကလည်း ဝိုင်းဝန်းပူးပေါင်း အကောင်အထည်ဖော်မှ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။
ဈေးတွေ အဆင့်မြှင့်တည်ဆောက်ဖို့လို
ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီလက်အောက်မှာရှိတဲ့ ဈေးတွေထဲမှာ (က) အဆင့်ဈေးတွေကတော့ ဗိုလ်ချုပ်အောင်ဆန်း ဈေး၊ သိမ်ကြီးဈေး (က+ ခ )ရုံ၊ သိမ်ကြီးဈေး (ဂ)ရုံ၊ သိမ်ကြီးဈေး (ဃ) ရုံ၊ သိမ်ကြီးဈေး (င)ရုံ၊ သံဈေး၊ ညောင်ပင်လေးဈေး၊ ဗဟိုစံပြငါးဈေးကြီး၊ မြေနီကုန်းပလာဇာဈေး၊ အဆင့်မြင့်မင်္ဂလာဈေး၊ မင်္ဂလာဈေးသစ်၊ ပုသိမ်ညွန့် ကြက်ဘဲဈေး၊ ပုဇွန် တောင်ဈေး၊ ၃၈ လမ်း ပလာဇာဈေး၊ လှည်းတန်း ဈေး၊ သီရိမင်္ဂလာဈေး၊ ရွှေပိတောက်ငါးဈေး၊ ဘုရင့်နောင်ဈေး၊ အင်းစိန်ဈေး စတဲ့ (က)အဆင့် ဈေးပေါင်း ၂၅ ဈေးရှိပါတယ်။ အဲဒီဈေးတွေထဲမှာ အချို့ဈေးတွေဟာ အဆင့်မြှင့်တင်တည်ဆောက်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ အဲဒီ(က)အဆင့်ဈေး တွေထဲမှာ အချို့ဈေးတွေဟာ အသစ်တည်ဆောက် ထားတဲ့ ဈေးတွေရှိနေသလို ပြုပြင်တည်ဆောက် ထားတဲ့ ဈေးတွေလည်း ရှိနေပါတယ်။
(ခ)အဆင့်ရှိတဲ့ ဈေးတွေကတော့ တောင်ဥက္ကလာပမြို့နယ်မှာရှိတဲ့ ပဒေသာဈေး၊ နန္ဒဝန်ဈေး၊ ပတ္တမြားဈေး၊ မြင်သာဈေး စတဲ့ ရန်ကုန်မြို့နယ်စုံက ဈေးအချို့ပါဝင်ပြီး စုစုပေါင်း ဈေး ၅၀ ရှိပါတယ်။ အဲဒီ(ခ) အဆင့်ဈေးတွေထဲမှာ လည်း အဆင့်မြှင့်တင် တည်ဆောက်ဖို့ လိုအပ်နေပြီ ဖြစ်တဲ့ ဈေးတွေရှိနေပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကလည်း ဘဏ္ဍာငွေ အခြေအနေအရ စည်းမျဉ်းစည်းကမ်းတွေအရ အခြေအနေပေးတာနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ရှိနေတယ်လို့ ဆိုပါတယ်။
အဲဒီလိုပဲ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရဲ့ (ဂ) အဆင့်ဈေးတွေထဲမှာတော့ ဝေဘာဂီဈေး၊ ကျောက်ရေတွင်းဈေး၊ မေဓာဝီဈေး၊ ရွှေပေါက်ကံဈေး စတဲ့ ဈေးတွေအပါအဝင် ဈေးပေါင်း ၆၄ ဈေး ရှိပါတယ်။ အဲဒီ(ဂ)အဆင့်ဈေး တွေထဲမှာ အချို့ဈေးတွေကို အဆင့်မြှင့်တင်ဖို့ လိုအပ်နေတာဖြစ်ပြီး အနီးဝန်းကျင်က နေ့စဉ် လာရောက်ဝယ်ယူနေကြရတဲ့ ရပ်ကွက်နေ ပြည်သူ တွေအတွက်ရော ဈေးရောင်းသူတွေအတွက်ပါ အဆင့်မြှင့်ပေးရမှာဖြစ်ပါတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လက်အောက်မှာ (ဃ)အဆင့်ရှိတဲ့ ဈေးပေါင်း ၃၉ ဈေး ရှိနေပါတယ်။ အဲဒီလို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ လက်အောက်မှာရှိတဲ့ ဈေးတွေမှာ ဆိုင်တွေ၊ ဈေးရောင်းသူတွေကိုလည်း စနစ်တကျ သတ်မှတ် ပေးထားပါတယ်။
ဈေးသည်အမျိုးအစားခွဲခြား
ဈေးတွေအတွင်းမှာ မှတ်ပုံတင်ဆိုင်တွေ၊ ယာယီမှတ်ပုံတင်ဆိုင်တွေရှိသလို ဈေးရောင်းသူ တွေကိုလည်း မှတ်ပုံတင်ဆိုင်နဲ့ ယာယီမှတ်ပုံဆိုင်မှ ဈေးရောင်းသူတွေ၊ ပျံကျဈေးသည်တွေဆိုပြီး အမျိုးအစားခွဲခြားထားပါတယ်။ ဈေးဆိုင်ရဲ့ သဘောတရားတွေ မတူလို့ စည်းကမ်းထိန်းသိမ်းရာ မှာ ကွဲပြားမှုတော့ အနည်းငယ်ရှိပါတယ်။
သတ်မှတ်စည်းကမ်းနဲ့ ဈေးရောင်းရန်
ဘယ်လိုပဲဖြစ်ဖြစ် သတ်မှတ်စည်းမျဉ်း စည်းကမ်းနဲ့ မညီညွတ်ရင်၊ ဖောက်ဖျက်ကျူးလွန်ရင် တော့ သတိပေးတာတွေ၊ ဒဏ်ငွေတွေ၊ အရေးယူမှုတွေ ပြုလုပ်ပြီး ထိန်းချုပ်နေရတာတွေလည်းရှိနေ ပါတယ်။ တချို့ဈေးတွေဟာ အဆင့်မြှင့်တင်ပြီး ဖြစ်ပေမယ့် ဈေးရောင်းသူတွေက သတ်မှတ်ဆိုင် နေရာချထားပေးမှုမှာ မရောင်းလို့ စည်ပင်သာယာရေး ဝန်ထမ်းတွေ ကိုယ်တိုင်ဈေးတွေထဲမှာ စောင့်ကြပ် ထိန်းမတ်နေရတာတွေလည်း တွေ့မြင် နေရပါတယ်။
ဒါကြောင့် ရန်ကုန်မြို့မှာရှိတဲ့ ဈေးတွေကို အဆင့်မြှင့်တင်ဖို့ စီစဉ်နေတာကို ကြိုဆိုရမှာ ဖြစ်သလို မှန်ကန်စနစ်ကျစွာ အကောင်အထည် ဖော်ဖို့လည်း လိုအပ်ပါတယ်။ ဒါ့အပြင် ဈေးရောင်း၊ ဈေးဝယ်သူတွေဟာ အမှိုက်ပစ်တာကအစ၊ ဆိုင်ပစ္စည်းတွေ ခင်းကျင်းရောင်းချတာအဆုံး စည်းကမ်းလိုက်နာဖို့လည်း အထူးလိုအပ်ပါတယ်။ ရန်ကုန်မြို့ရဲ့ ဈေးတွေ အဆင့်မြှင့်တင် တည်ဆောက်နိုင်ခဲ့ရင်တော့ မြို့ပြပြည်သူတွေရဲ့ ကျန်းမာရေးအပြင် သန့်ရှင်းသပ်ရပ်တဲ့ ဈေးတွေ ထွက်ပေါ်လာမှာတော့ အမှန်ပါပဲ။
မြန်မာ့အလင်း