ဝေယံဦး
ရန်ကုန်မြို့ကို နိုင်ငံတကာအဆင့်မြို့ကြီးတစ်မြို့အသွင် ဖြစ်ထွန်းလာဖို့အတွက်ဆိုရင် ဘက်ပေါင်းစုံက ကြိုးစားမှရသလို ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ လူမှုအဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာတွေအပြင် ပြည်သူတွေလည်း ပူးပေါင်းပါဝင်ဆောင်ရွက်မှရမှာဖြစ်ပါတယ်။ အခုဆိုရင် နိုင်ငံတကာအဆင့်မီမြို့တော် ဖြစ်လာစေဖို့ တိုင်းဒေသကြီးအစိုးရရဲ့ ကြီးကြပ်ကွပ်ကဲမှုနဲ့အတူ မြို့ပြအင်္ဂါရပ်နဲ့အညီ မြို့ပြစီမံကိန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်နေရာမှာ ရန်ကုန်မြို့တွင်းမှာ အများပြည်သူဧရိယာတွေကို အဆင့်မြှင့်တင် ဖော်ဆောင်သွားမယ်လို့ ဆိုပါတယ်။
“ရန်ကုန်မြို့ရဲ့ မြို့တွင်းခြောက်မြို့နယ်မှာ ပန်းခြံ၊ လူသွားလမ်း၊ စက်ဘီးစီးဖို့လမ်းတွေကို အဆင့်မြှင့်တင်မှုတွေ၊ ဖော်ဆောင်မှုတွေ လုပ်ဆောင်သွားဖို့ အဓိကအဖွဲ့ နှစ်ဖွဲ့နဲ့ လေ့လာဆန်းစစ်မှုတွေ ပြုလုပ်နေပါတယ်” လို့ ၂၀၁၉ ခုနှစ် မတ် ၄ ရက်က ကျင်းပခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရဲ့ ဒုတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော် ၁၈ ရက်မြောက်နေ့ အစည်းအဝေးမှာ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒါကလည်း ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မြေက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းဟန်ရဲ့ မေးမြန်းမှုကို ရန်ကုန်မြို့တော်ဝန်က ပြန်လည်ဖြေကြားခဲ့တာဖြစ်လို့ ဒီလုပ်ငန်းဟာ အကောင်အထည်ဖော်ရတော့မယ့် လုပ်ငန်းလည်း ဖြစ်ပါတယ်။
တကယ်တော့ ရန်ကုန်မြို့ဟာ လူဦးရေ ခြောက်သန်းနီးပါးအထိ ရှိလာပြီဖြစ်တာမို့ ရန်ကုန်မြို့ ပြည်သူတွေရဲ့ ကျန်းမာရေး၊ စိတ်အပန်းဖြေရေး၊ ဘေးကင်းကင်းနဲ့ သွားလာနိုင်ရေးအတွက် အများပြည်သူဧရိယာတွေ လိုအပ်လာတာတော့ အမှန်ပါပဲ။ ဒါကြောင့်မို့ ရန်ကုန်မြို့မှာရှိတဲ့ အများပြည်သူဧရိယာတွေကို အဆင့်မြှင့်တင်တာတွေ၊ ဖော်ထုတ်ပေးတာတွေဟာ မဖြစ်မနေ ဆောင်ရွက်ပေးရမယ့် အနေအထား ရှိလာပါတယ်။
ရန်ကုန်မြို့ရဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းမှာ ရန်ကုန်စည်ပင်သာယာရေး ကော်မတီကနေပြီး စီမံခန့်ခွဲနေတဲ့ ပန်းခြံ ၆၁ ခုရှိပြီး ကစားကွင်းပေါင်း ၁၁၈ ကွင်းရှိနေပါတယ်။ ဒါကြောင့်မို့ ရန်ကုန်မြို့တော်ရဲ့ လက်ရှိ လူဦးရေတည်ရှိမှုနဲ့ လူတစ်ဦးချင်းစီအတွက် စိမ်းလန်းမြေဧရိယာဟာ ၅ ဒသမ ဝ၂ စတုရန်းပေရှိနေတယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားထားပါတယ်။
ဒီလိုအနေအထားရှိတာမို့ ရန်ကုန်ပြည်သူတွေအတွက် စိမ်းလန်းမြေဧရိယာကို ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်တင်ပေးနိုင်ဖို့ ဆောင်ရွက်ရေးစီစဉ်နေသလို အလွယ်တကူအသုံးပြု နိုင်ရေးအတွက်လည်း အကောင်အထည်ဖော်ပေးနေပါတယ်။ အခုဆိုရင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ်နိမိတ် အတွင်းမှာရှိတဲ့ ပန်းခြံတွေကို ပြည်သူတွေ အခမဲ့ဝင်ရောက်အပန်း ဖြေနိုင်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။
လူသွားလမ်းနဲ့ စက်ဘီးစီးလမ်းတွေ ဖော်ဆောင်ပေးနိုင်ဖို့
ဒါ့အပြင် ရန်ကုန်မြို့တော်ရဲ့ မြို့တွင်းခြောက်မြို့နယ် ဖြစ်တဲ့ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဗိုလ်တထောင်နဲ့ ပုဇွန်တောင်မြို့နယ်တွေ အတွင်းမှာ လူသွားလမ်းတွေနဲ့ စက်ဘီးစီးလမ်းတွေ ဖော်ဆောင်ပေးနိုင်ဖို့ လေ့လာ ဆန်းစစ်မှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ ရန်ကုန်မြို့မှာ မော်တော်ယာဉ်စီးရေ တစ်နေ့တခြား တိုးပွားလာနေတာမို့ ကားလမ်းတွေပေါ်မှာ မော်တော်ယာဉ်တွေနဲ့ ပြည့်ကျပ်နေပါတယ်။ ဒီလိုအခြေအနေကြောင့် စက်ဘီးစီးနင်းသွားလာလိုတဲ့ ပြည်သူတွေအတွက် ဘေးအန္တရာယ်မကင်းသလို စီးနင်းသွားလာဖို့လည်း မလွယ်ကူပါဘူး။ မော်တော်ယာဉ် ပိတ်ဆို့မှု၊ ယာဉ်ကြော ကျပ်တည်းမှုတွေကြောင့် အချိန်ကုန်သက်သာပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ စက်ဘီးစီးသွားလာဖို့ အတွက် လမ်းဧရိယာသတ်မှတ်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။ နိုင်ငံတကာမြို့ကြီးတွေမှာဆိုရင် စက်ဘီးလမ်းတွေ သတ်မှတ်ပေး ထားရှိပါတယ်။
ယာဉ်ကြောပိတ်ဆို့မှုကြောင့် နေ့စဉ်ဆုံးရှုံးနေရ
ရန်ကုန်မြို့အတွင်းမှာ တစ်နေ့ကို ခရီးသွားလာသူ ၂ ဒသမ ၇ သန်းခန့်ရှိနေပြီး အဲဒီလူတွေထဲမှာမှ လူတစ်သိန်းခန့်ဟာ တစ်နာရီကြာ ဘတ်စ်ကားတွေပေါ်မှာ ယာဉ်ကြောပိတ်ဆို့မှုကြောင့် အချိန်တွေ၊ လုပ်အားခတွေ ဆုံးရှုံးမှုကို တွက်ကြည့်ရင် ကျပ်သိန်းပေါင်း ၆၀ဝ ခန့် ဆုံးရှုံးနေတာမို့ နိုင်ငံသားတွေရဲ့ အချိန်နဲ့ လုပ်အားခတွေ နေ့စဉ်ဆုံးရှုံးနေရတယ်လို့လည်း ရန်ကုန်တိုင်းဒေသကြီး လှိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်မျိုးက ပြောထားပါတယ်။
ဒါကြောင့်မို့ အဲဒီလိုအချက်အလက်တွေအပြင် ပြည်သူတွေရဲ့ ကျန်းမာရေး၊ ခရီးသွားလာမှု အဆင်ပြေရေး၊ အချိန်ကုန်သက်သာမှု၊ ဘေးကင်းရေးနဲ့ လွတ်လပ်စွာ သွားလာနိုင်ရေးအတွက် ရန်ကုန်မြို့တွင်းမှာ စက်ဘီးစီးနင်းလမ်းတွေ လိုအပ်လာပါတယ်။ လက်ရှိအနေအထားအရတော့ ရန်ကုန်မြို့တွင်းမှာ စက်ဘီးစီးနင်းသွားလာနေသူအချို့ ရှိပေမယ့် ယာဉ်အ္တရာယ် တွေကြားကနေပြီး စွန့်စားစီးနင်းသွားလာနေကြတာဖြစ်ပါတယ်။
လူသွားလမ်းတွေ သတ်မှတ်ပေးဖို့
အခုဆိုရင် ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်မှာ လူသွားလမ်း တွေလည်း သတ်မှတ်ပေးဖို့ လေ့လာဆန်းစစ်မှုတွေ ပြုလုပ်နေပြီ ဖြစ်တာမို့ ကြိုဆိုရမှာဖြစ်ပါတယ်။ ရန်ကုန်မြို့တွင်း လမ်းမတွေ၊ ကြားလမ်းတွေရဲ့ ပလက်ဖောင်းတွေပေါ်မှာ ကျူးကျော်လမ်းဘေး ဈေးသည်တွေ၊ ကားရပ်ထားမှုတွေကြောင့် ပြည်သူတွေ လွတ်လပ်စွာ လမ်းလျှောက်သွားလာဖို့တောင် မလွယ်ကူတဲ့ အနေအထား ဖြစ်နေပါတယ်။
ဒါတွေကိုလည်း စနစ်တကျကြပ်မတ်ပြီး လူသွားလမ်းတွေ ဖော်ဆောင်ရေး လိုအပ်နေတာမို့ ပထမဆုံး လေ့လာဆန်းစစ်တဲ့ လုပ်ငန်းပြီးစီးရင် အမြန်ဆုံး အကောင်အထည်ဖော်ရေး ဆောင်ရွက်သင့်နေပြီ ဖြစ်ပါတယ်။ ရန်ကုန်မြို့တွင်း ခြောက်မြို့နယ် မှာရှိတဲ့ ပြည်သူ့ပန်းခြံတွေကတော့ ပြည်သူတွေ အခမဲ့ဝင်ထွက် သွားလာ အပန်းဖြေအနားယူနိုင်နေပြီဖြစ်ပေမယ့် အဆင့်မြှင့်တင်ဖို့တော့ လိုအပ်နေပါတယ်။
ဒီလို အများပြည်သူဧရိယာတွေကို ဖော်ဆောင်မှု၊ အဆင့်မြှင့်တင်မှုတွေပြုလုပ်ဖို့ ငွေကြေးလိုအပ်မှု ရှိတယ်ဆိုပေမယ့် JICA နဲ့ ကမ္ဘာ့ဘဏ်တွေလို အဖွဲ့အစည်းတွေနဲ့ ဆောင်ရွက်ဖို့ရှိတယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြီးခဲ့တဲ့မတ် ၄ ရက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ပြောကြားထားပါတယ်။ ပြည်သူတွေအားလုံး ပူးပေါင်းပါဝင်ဒါကြောင့်မို့ ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်မှာ ကနဦး ဖော်ဆောင်မယ့် ပန်းခြံတွေအဆင့်မြှင့်တင်မှု၊ လူသွားလမ်းနဲ့ စက်ဘီးစီးနင်းလမ်းတွေ ဖော်ဆောင်မှု စတဲ့ အများပြည်သူဧရိယာ တွေဖြစ်ထွန်းပေါ်ပေါက်လာမှု အခြေအနေကတော့ တိုင်းဒေသကြီး အစိုးရ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေအားလုံး ပူးပေါင်း ပါဝင်ဆောင်ရွက်ရင်တော့ အောင်မြင်မှာ အမှန်ပါပဲ။
မြန်မာ့အလင်း