အဆင်းရဲဆုံး ကလေးငယ်တွေ ကျောင်းပြန်ရောက်ရှိရေး လုပ်ဆောင်ရန်လိုအပ်ကြောင်း Save the Children အဖွဲ့ တိုက်တွန်း

၁၂ ဇန်နဝါရီ

 

 

ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတွေက ဆင်းရဲတဲ့ ကလေးငယ်တွေ ကျောင်းပြန်ရောက်ရှိရေး အရေးတကြီး လိုအပ်နေကြောင်း ဒီနေ့(အင်္ဂါနေ့) မှာ Save the Children က တိုက်တွန်း လိုက်ပါတယ်။

 

 

ဗြိတိန်နိုင်ငံက ပရဟိတအဖွဲ့ တစ်ဖြစ်တဲ့ Save the Children အဖွဲ့က သင်ခန်းစာတွေ နောက်ကျခြင်း မရှိဘဲ နေ့စဉ် ကျောင်းပြန်လည်တက်ရောက်နိုင်ဖို့အတွက် ကလေးတစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၃၇၀ လိုအပ်ကြောင်း ပြောပါတယ်။

 

 

ကပ်ရောဂါ ဖြစ်ပွားနေပေမယ့် ကလေးငယ်တွေ ဆက်လက် ပညာသင်ကြားရေးကို အကူအညီပေးရန် ပရဟိတအဖွဲ့ကြီးက ဆော်ဩနေတာ ဖြစ်ပါတယ်။

 

 

ပရဟိတ အဖွဲ့ကြီးရဲ့ သုတေသနအရ ကမ္ဘာ့ အဆင်းအရဲဆုံးနိုင်ငံ ၅၉ နိုင်ငံက ကလေးငယ်တွေ ကျောင်းပြန်လည် တက်ရောက်နိုင်ရေး၊ ကပ်ရောဂါ ဖြစ်ပွားနေပေမယ့် လုံခြုံစွာ ကျောင်းပြန်လည် တက်ရောက်နိုင်ရေးနဲ့ ကလေးငယ်တွေအတွက် သင်ခန်းစာ ဆက်လက် သင်ယူနိုင်ရေးဟာ  အရေးကြီး လိုအပ်ကြောင်း ပါရှိပါတယ်။ 

 

 

ကမ္ဘာ့အဆင်းရဲဆုံး ၅၉ နိုင်ငံထဲမှာ ယူဂန်ဒါ၊ ဆီးရီးယားနဲ့ ယီမင်နိုင်ငံတွေ ပါဝင်ပြီး ကလေးငယ် ၁၃၆ သန်းအတွက် အမေရိကန် ဒေါ်လာ ဘီလီယံ ၅၀  လိုအပ်ကြောင်း သိရပါတယ်။

 

 

အရေးအကြီးဆုံး အနေနဲ့ ဆင်းရဲတဲ့ ကလေးငယ်တွေ၊ မိန်းကလေးငယ်တွေ၊ ဒုက္ခသည်တွေ၊ နေရာရွှေ့ပြောင်း နေထိုင်ရတဲ့ ကလေးငယ်တွေနဲ့ မသန်စွမ်း ကလေးငယ်တွေ ကျောင်းပြန်လည်ရောက်ရှိရေးဟာ အရေးကြီးကြောင်း၊ မဟုတ်ရင် ဒီကလေးငယ်တွေဟာ ကျောင်းပြန်တက်နိုင်တဲ့ ကလေးငယ်တွေ မဟုတ်တဲ့အတွက် ပျောက်ဆုံးသွားတဲ့ မျိုးဆက်ဖြစ် သွားနိုင်ကြောင်း Save the Children က ဆိုထားပါတယ်။

 

 

ယူဂန်ဒါနိုင်ငံ တစ်နိုင်ငံထဲမှာ ကလေးငယ် ၁၃ သန်းဟာ ပြီးခဲ့တဲ့နှစ် မတ်လကစပြီး ကျောင်းနဲ့ ဝေးနေကြောင်း Save the Children အဖွဲ့က ပြောပါတယ်။

 

 

ကျောင်းနဲ့ဝေးနေတဲ့ ကလေးငယ်တွေဟာ အနာဂတ်ရဲ့ ဆရာဝန်တွေ၊ သိပ္ပံပညာရှင်တွေ၊ ကုန်ကားမောင်းသူတွေနဲ့ ရေပိုက်ပြင်သူတွေဖြစ်ကြောင်း၊ ၂၀၂၀ ခုနှစ်မှာ ကပ်ရောဂါကာကွယ်ဆေး တွေ့ရှိတဲ့နှစ်ဖြစ်တဲ့အတွက် ၂၀၂၁ ခုနှစ်ဟာ ကလေးငယ်တွေအတွက် အနာဂတ်ကို ရှာဖွေနိုင်တဲ့ နှစ်ဖြစ်ကြောင်း ပြောပါတယ်။

 

 

ကျောင်းတွေ ပြန်ဖွင့်ရေးအတွက် နိုင်ငံတွေကို Save the Children အဖွဲ့က အကြံပြုမထားပေမယ့် အဝေးသင် ပညာရေးအတွက် လိုအပ်တဲ့ ထောက်ပံ့မှုတွေ လုပ်ဆောင်ပေးရန် တိုက်တွန်းထားပါတယ်။

 

 

MDN

ကိုးကား - AFP

mdn