အဆုံးမသတ်နိုင်သေးသည့် ဟောင်ကောင်ဆန္ဒပြပွဲများ

ကလျာမိုးမြင့်

 

နိုင်ငံရေးဆိုင်ရာ မတည်ငြိမ်မှုတွေဖြစ်နေတဲ့ ဟောင်ကောင်မြို့ရဲ့ ထိပ်တန်းတက္ကသိုလ်တစ်ခုမှာ တစ်ညတာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုတွေ အမြင့်ဆုံးအခြေအနေ ရောက်ရှိခဲ့ပြီးတဲ့နောက် ဟောင်ကောင်မြို့ဟာ အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေကို နောက်တစ်ချီ ထပ်မံရင်ဆိုင်နေရပြန်ပြီ ဖြစ်ပါတယ်။

 

ကျောင်းပရိဝုဏ်အတွင်းက ဆန္ဒပြပွဲ

ဟောင်ကောင်မြို့ရှိ တရုတ်တက္ကသိုလ် တစ်ခုမှာ ဆန္ဒပြသူတွေဟာ မိုးစင်စင်မလင်းမီ အချိန်ကတည်းက မီးရှို့တာတွေ၊ ဓာတ်ဆီ ဗုံးတွေနဲ့ ပစ်တာတွေ ပြုလုပ်ခဲ့တဲ့အတွက် ဟောင်ကောင်ရဲတွေက လူစုခွဲဖို့ ရော်ဘာကျည်ဆန်တွေ၊ မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ ဖြေရှင်းခဲ့ပါတယ်။

 

ကျောင်းပရိဝုဏ်ပေါ်မှာ ကျောင်းသားတွေရဲ့ ဆန္ဒပြလှုပ်ရှားမှုတွေကို ရဲတွေရဲ့ ကိုင်တွယ်ဆောင်ရွက်မှုအပေါ် ကျောင်းသား တွေဟာ မခံမရပ်နိုင်အောင် ဒေါသထွက်ခဲ့ကြပြီး အကြမ်းပတမ်း ပြန်လည်တုံ့ပြန်ခဲ့ကြတာကြောင့် တရားဥပဒေစိုးမိုးရေး ပြိုလဲဖို့ နီးကပ်လာပြီလို့ ရဲတပ်ဖွဲ့က သတိပေးထားတဲ့အခြေအနေနဲ့ ထပ်တူကျလာတာကို တွေ့နေရပါတယ်။

 

ဗျူဟာပြောင်း

ဟောင်ကောင်မြို့တစ်လွှားမှာ အဓိကရုဏ်း နှိမ်နင်းရေးရဲတွေကို ဆက်လက်ဖြန့် ကြက်ထားတာကိုလည်း တွေ့ရပါတယ်။ ကျောင်းပရိဝုဏ်ထဲ ဝင်ရောက်ဖို့ ရဲတပ်ဖွဲ့ရဲ့ ဆုံးဖြတ်ချက်က ဆန္ဒပြသူတွေကို ထိန်းချုပ်တဲ့ နည်းဗျူဟာပြောင်းလဲလိုက်ပြီ ဆိုတာကို အချက်ပြနေတယ်လို့ သတင်းထောက်တွေက ဆိုကြပါတယ်။ ယခင်ကဆိုရင် စာသင်ကျောင်းတွေနဲ့ တက္ကသိုလ် တွေမှာ လူစုခွဲတာ၊ ရှင်းလင်းတာတွေကို ရဲတွေက အတော်လေးကို ရှောင်ကြဉ်ခဲ့ကြပါတယ်။

 

ဆန္ဒပြသူတွေက သုံးရက်မြောက် ဆန္ဒပြမှုတွေလုပ်ဖို့ တိုက်တွန်းတောင်းဆိုခဲ့ကြပြီး မြေအောက်ရထားဘူတာရုံ အချို့ကို နှောင့်ယှက်ဟန့်တားခဲ့တာတွေကြောင့် နှောင့်နှေးကြန့်ကြာမှုတွေနဲ့ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းရခြင်းတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ ယွမ်လုံမှာ ဆန္ဒပြလူတစ်စုက လမ်းပေါ်အရံအတားတွေ ချထားခဲ့ပြီးနောက် ထိပ်တိုက်ရန် ပွဲဖြစ်ပွားမှုတွေ ရှိခဲ့ပါတယ်။

 

နယ်စပ်ဖြတ်ပြီး ခေါ်ဆောင်သွား တက်ကြွလှုပ်ရှားသူ ကျောင်းသားအဖွဲ့တွေဟာလည်း တက္ကသိုလ်အချို့မှာ ဆန္ဒပြမှုတွေ ဆက်လက် လုပ်ဆောင်ခဲ့ကြပါတယ်။ ဒေသမီဒီယာတွေရဲ့ ဖော်ပြချက်မှာ တရုတ်ပြည်မကြီးက ကျောင်းသားတွေကို ၎င်းတို့ရဲ့ လုံခြုံရေးအတွက် နယ်စပ်ကိုဖြတ်ပြီး တရုတ်နိုင်ငံဆီ ခေါ်ဆောင်သွားတယ်လို့ ဆိုထားပါတယ်။

 

ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို အကြမ်းနည်းနဲ့ ကိုင်တွယ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး လုံခြုံရေးဆိုင်ရာ အကြီးအကဲကိုအတိုက် အခံနိုင်ငံရေးသမားတွေက ဒေါသတကြီး မေးခွန်းထုတ်ခဲ့ပြီးနောက် ဟောင်ကောင်ဥပဒေပြုကောင်စီ ကိုလည်း ရပ်နားခဲ့ပါတယ်။ ဟောင်ကောင်ရဲ့ ငွေကြေးဆိုင်ရာ အချက်အချာနေရာမှာ အရှိန်အဟုန်ပြင်းထန်တဲ့ လမ်းဘေး တိုက်ပွဲတွေနဲ့ ညနေခင်းဆန္ဒပြပွဲတွေအပါအဝင် အကြမ်းဖက်အသွင်ဆောင်တဲ့ တင်းမာမှုအနေ အထားတစ်ခုကို ယခုရက် သတ္တပတ်မှာ တွေ့ မြင်လာရပါတယ်။

ရမ်းကားသူတွေဖြစ်လာ

နိုဝင်ဘာ ၁၃ ရက်မှာဆိုရင် ဟောင်ကောင်မြို့လယ်ကောင်မှာ လောလောလတ်လတ် ဆန္ဒပြပွဲ အသစ်တစ်ခု ထပ်ဖြစ်နေပြီး လူအုပ်ကြီးဟာ နိုင်ငံရေးကြွေးကြော်မှုတွေ သံပြိုင်ဟစ်ကြွေးဖို့ ချီတက်စုဝေးခဲ့ကြပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ အသွင်မျိုးမဟုတ်တော့ဘဲ အုပ်စုဖွဲ့ ရမ်းကားတဲ့အသွင် ဆောင်လာခဲ့ပါတယ်။

 

အနက်ရောင်ဝတ်ဆင်ထားကြတဲ့ ဆန္ဒပြသူအချို့ဟာဆိုရင် တရုတ်ပြည်မကြီးရဲ့ ဆက်သွယ်ရေး ဘဏ်ခွဲတစ်ခုကို စည်းကမ်းမဲ့ လက်သရမ်းဖျက်ဆီးတာတွေကိုပါ လုပ်ခဲ့ကြတယ်လို့ ဒေသမီဒီယာတွေမှာ ဖော်ပြထားတာကို ကြည့်ရခြင်းအားဖြင့် ဟောင်ကောင်ဆန္ဒပြပွဲတွေမှာ အင်အားသုံးလူစုခွဲတဲ့ ရဲတွေက လွန်သလား၊ ဆန္ဒပြသူတွေရဲ့ တရားလွန်ရမ်းကားမှုက လွန်သလားဆိုတာကို ဝေခွဲမရနိုင်စရာ ဖြစ်လာခဲ့ပါတယ်။

 

၀ရုန်းသုန်းကားညတစ်ည

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်ညမှာ ဟောင်ကောင်မြို့က တရုတ်တက္ကသိုလ်တစ်ခုရဲ့ ပရိဝုဏ်ထဲကို ရဲတွေရောက်ရှိလာခဲ့ကြပြီး ဆန္ဒပြလူအုပ်ကို မျက်ရည်ယိုဗုံးတွေပစ်၊ ရေပိုက်နဲ့ ထိုးဖျန်းတာတွေ လုပ်ခဲ့သလို ဆန္ဒပြသူတွေကလည်း ရဲတွေကို အုတ်ခဲတွေ၊ ဓာတ်ဆီဗုံးတွေနဲ့ ပစ်ပေါက်တာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ အဲဒီတစ်ညတာလုံးဟာ ပေါက်ကွဲမှုတွေ၊ မီးခိုးတွေ၊ ရော်ဘာကျည်ဆန် ပစ်ခတ်မှုမြင်ကွင်းတွေနဲ့အတူ လူအများအပြား ထိခိုက်ဒဏ်ရာ ရရှိမှုတွေနဲ့  အတော်လေးကို ဝရုန်းသုန်းကားနိုင်တဲ့ မြင်ကွင်းတစ်ခု ဖြစ်ခဲ့ပါတယ်။

 

ဆန္ဒပြမှုအတွင်း လွတ်လပ်မှုအတွက် တိုက်ခိုက်ကြ၊ ဟောင်ကောင်အတွက် ရပ်တည် ကြဆိုတဲ့ ဆန္ဒပြသူတွေရဲ့ ကြွေးကြော်သံတွေ ညံမစဲဖြစ်ခဲ့ပါတယ်။ ရဲတွေနဲ့ ဆန္ဒပြသူတွေ အကြား အပြင်းအထန် ရုန်းရင်းဆန်ခတ်ဖြစ် ပွားခဲ့ပြီးနောက် ထိခိုက်ဒဏ်ရာရရှိသူ ၇ဝ ထက်မနည်းကို ဆေးအဖွဲ့တွေက ကုသပေး နေပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ ဒဏ်ရာ ပြင်းထန်သူ လေးဦးထက်မနည်းရှိတယ်လို့ သိရပါတယ်။

 

တရားရုံးအမိန့်ရဖို့ ကြိုးပမ်း

တက္ကသိုလ်ပရိဝုဏ်ထဲကို ရဲတွေဝင်ရောက်ဖို့ ခွင့်ပြုထားတာကို ရပ်တန့်စေရေးတရားရုံးရဲ့ အမိန့်ထုတ်ပြန်ချက်ရဖို့ ကြိုးပမ်း နေကြတယ်လို့ ကျောင်းသားကိုယ်စားလှယ်တွေက ဆိုပါတယ်။ ယခုရက်သတ္တပတ်မှာ ပဋိပက္ခဖြစ်ပွားမှုတွေကို အမြင့်ဆုံး အခြေအနေ ရောက်ရှိသွားစေခဲ့တဲ့ အကြောင်းကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်က အစိုးရထောက်ခံသူတစ်ဦးကို ဆန္ဒပြသူ တွေက မီးရှို့ခဲ့မှုနဲ့ ဆန္ဒပြသူတစ်ဦးကို ရဲအရာရှိက ရော်ဘာကျည်ဆန်နဲ့ ပစ်ခတ်လိုက်မှုတွေပါပဲ။ ဒီဖြစ်ရပ်တွေက နဂိုကတည်း က ဆိုးရွားနေတဲ့ ပဋိပက္ခတစ်ခုကို အဆိုးရွားဆုံး ပဋိပက္ခအခြေအနေတစ်ခုဆီ ရောက်ရှိသွားအောင် တွန်းပို့လိုက်တာပါပဲ။

 

ထိခိုက်မခံနိုင်

ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တာ မှန်ပေမယ့် ဆိုင်သာဆိုင် မပိုင်ဆိုတဲ့စကားလို ဗြိတိသျှကိုလိုနီ လက်အောက်ခံဖြစ်ခဲ့တဲ့ ဟောင်ကောင်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတဲ့ ဂုဏ်ထူးဝိသေသတစ်ခု ပိုင်ဆိုင်ထားပြီး ပြည်သူတွေမှာ လည်း ရပိုင်ခွင့်တွေ အများအပြား ပိုင်ဆိုင်ရရှိထားပါတယ်။

 

ဒီတော့ ဟောင်ကောင်ပြည်သူတွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတဲ့ ၎င်းတို့ရဲ့ မဟာအခွင့်အရေးကြီးအပေါ် လွှမ်းမိုးလာမယ့် ဘယ်အရာကိုမှ လက်မခံနိုင်အောင် ထိလွယ်ရှလွယ်ဖြစ်ခဲ့ ကြပါတယ်။ အထူးသဖြင့် ပြစ်မှုကျူးလွန်သူ တရားခံတွေကို တရုတ်ပြည်မကြီးဆီ လွှဲပြောင်းပေးဖို့ဆိုတဲ့ ဥပဒေကြမ်းရေးဆွဲမှုကို ပြည်သူတွေ မခံမရပ်နိုင်ဖြစ်ရာကစပြီး ဇွန်လအတွင်းမှာ ဆန္ဒပြပွဲတွေ စတင်ပေါက်ဖွားလာခဲ့တာဟာ အခုဆိုရင် ထိန်းမနိုင်သိမ်းမရ အခြေအနေကို ရောက်ရှိခဲ့ရပါပြီ။

 

မရပ်တန့်နိုင်တော့

ဆန္ဒပြလှုပ်ရှားမှုတွေကို ထိန်းချုပ်ခြင်းငှာ မစွမ်းနိုင်တော့တဲ့အတွက် အစိုးရက တရားခံ လွှဲပြောင်းရေးဥပဒေကို စက်တင်ဘာလ မှာ ပယ်ဖျက်ကြောင်း ကြေညာခဲ့ပေမယ့် ဆန္ဒပြပွဲတွေ ရပ်တန့်သွားခြင်း မရှိခဲ့တဲ့အပြင် အခုအခါမှာဆိုရင် ဒီမိုကရေစီ အပြည့်အဝရရှိရေးနဲ့ ရဲတွေရဲ့ လုပ်ရပ်ကိုပါ စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုဆန္ဒပြနေကြပါတယ်။

 

ရဲတွေနဲ့ ဆန္ဒပြလှုပ်ရှားသူတွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုတွေဟာဆိုရင်လည်း ကြာလေလေ ဆိုးလေလေဖြစ်နေပြီး ပြီးခဲ့တဲ့ အောက်တိုဘာလမှာ မျက်နှာဖုံးစွပ်တွေ တပ်ဆင်မှုမှန်သမျှကို ပိတ်ပင်လိုက်ကြောင်း အမိန့်ထုတ်လိုက်ပါတယ်။

ကိုးကား- အေအက်ဖ်ပီ၊ ဘီဘီစီ