အဆုတ်ကင်ဆာတွန်းလှန်သူတို့အတွက် နည်းလမ်းကောင်းများ

ရေးသားသူ Dr. K Zin Thwe
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ hellosayarwon.

အဆုတ်ကင်ဆာကဲ့သို့သော ပြင်းထန်ဝေဒနာခံစားရလျှင် ဆေးဝါးကိုပဲ မှီတွယ်အားကိုးကြသည်။ ခွဲစိတ်မှု၊ ဓါတ်ရောင်ခြည်ကုသမှုနှင့် ကင်ဆာဆေးသွင်းကုသမှု မပါဝင်သောအရာများနှင့် အဆုတ်ကင်ဆာကို တွန်းလှန် ရှင်သန်နိ်ုင်သော အခွင့်အရေးမြင့်မားစေသည့် အခြားနည်းလမ်းများရှိပါတယ်ဟုဆိုလာလျှင် အဘယ်နည်း။
အမှန်တရားကတော့ ဆေးဖက်ဆိုင်ရာမဟုတ်သော သဘာဝနည်းလမ်းများဖြင့် သင့်အသက်ရှင်သန်ချိန် ကံကြမ္မာကို ဆွဲဆန့်နိုင်သော နည်းလမ်းများရှိပါတယ်။ ဥပမာ။ ။ ဘဝနေထိုင်မှုပုံစံနှင့် လူမှုရေး အထောက်အပံ့များ ဖြစ်ပါတယ်။
 
အထောက်အပံ့ကို ရှာပါ။
အထီးကျန်ဝေဒနာကို ခံစားရခြင်းသည် သင့်အတွက်မကောင်းပါ။ ခိုင်မာသော အထောက်အပံ့အားပေးမှု ရှိခြင်းသည် သင့်အဆုတ်ကင်ဆာကနေ ရှင်သန်အသက်ရှည်နိုင်စွမ်းကို တကယ်ပင်မြင့်မားစေသည်။

မကြာသေးခင်က လေ့လာမှုတစ်ခုအရ အဆုတ်ကင်ဆာခွဲစိတ်ကုသမှု ခံယူထားသော လူနာများတွင် ကောင်းမွန်သော လူမှုရေးအထောက်အပံ့ရှိသူများသည် ရောဂါပိုသက်သာလာခြင်း(သို့) ပိုပြီးမဆိုးရွား တော့ခြင်းကို တွေ့ရှိရသည်။

၎င်းသည် အသိုင်းအဝိုင်း အထောက်အပံ့၏ အကူအညီခွန်အားတစ်ရပ်ဖြစ်သည်။ သို့သော် လူနာသည်လည်း လက်ခံတတ်ဖို့တော့ လိုအပ်သည်။ လူနာတစ်ဦး၏ အဆိုအရ သူသည် ကင်ဆာဖြစ်နေသည်ဟု ရောဂါ အတည်ပြုပြီးနောက်တွင် သူရရှိခဲ့သော အကောင်းဆုံး အကြံဉာဏ်မှာ လက်ခံတတ်ဖို့ သင်ယူခြင်းပဲဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ထိုနည်းသည် သူတစ်ပါးကို ပြန်လည်ပေးနိုင်သော လက်ဆောင်တစ်ခုလည်း ဖြစ်နေသောကြောင့် ဖြစ်သည်။ သူ၏ သူငယ်ချင်းတစ်ယောက်ဆိုဖူးသလိုပင် “လက်ဆောင်တစ်ခုကို လက်ခံရရှိသောအခါတွင် ကျေးဇူးတင်ခြင်းကို အကောင်းဆုံးဖော်ပြနိုင်သော နည်းလမ်းသည် အပြည့်အဝ လက်ခံလိုက်ခြင်းပင်ဖြစ်သည်။”

 

စိတ်ဓါတ်ကျခြင်း၏ လက္ခဏာများကို သိပါ။
လေ့လာမှုများအရ စိတ်ပိုင်းဆိုင်ရာဖိအားများဖြစ်သည့် စိတ်ဓါတ်ကျခြင်းနှင့် စိုးရိမ်ပူပန်မှုသည် ကင်ဆာသမားများ၏ နိမိတ်လက္ခဏာများပင်ဖြစ်သည်။ အထူးသဖြင့် အဆုတ်ကင်ဆာသမားများမှာပေါ့။ နှောင်းပိုင်းအဆင့် အဆုတ်ကင်ဆာသမားများတွင် ပထမဦးဆုံးအကြိမ် ကင်ဆာဆေးသွင်းကုသမှု ခံယူချိန်၌ စိတ်ဓါတ်ကျသူများသည် စိတ်ဓါတ်မကျသူများ အသက်ရှင်သန်ချိန်၏ တစ်ဝက်လောက်ပဲ အသက်ရှည်ကြောင်း သိရသည်။

ကင်ဆာသမားများတွင် စိတ်ဓါတ်ကျခြင်းနှင့် ပုံမှန်ဝမ်းနည်းခြင်းကို ကွဲပြားစွာသိဖို့ အရေးကြီးသည်။ ကင်ဆာဖြစ်နေမှန်းသိရသောအခါတွင် လူအများစုသည် ဝမ်းနည်းသောကရောက်ကြသည်။ သို့သော် စိတ်ဓါတ်ကျသည် အထိတော့အဖြစ်နည်းသည်။

အကယ်၍ သင်သည် စိတ်ဓါတ်ကျခြင်း၏ လက္ခဏာများကိုသာသိထားလျှင် သင်ထိုလက္ခဏာများ ခံစားရသောအခါတွင် ဆရာဝန်နဲ့ ချက်ခြင်း သွားရောက်ဆွေးနွေးနိ်ုင်မည်ဖြစ်သည်။

 

အကောင်းမြင်စိတ်မွေးပါ။
ဆေးဖက်ဆိုင်ရာကင်ဆာကုသမှု အစီအစဉ်တွင် စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုများ ပါဝင်မှုနှောင့်နှေး နေခဲ့ရင်တောင်ပင် တက်ကြွသော၊ ယုံကြည်မှုအားကောင်းသော စိတ်ဓါတ်ကို ပိုင်ဆိုင်ထားခြင်းသည် အဆုတ်ကင်ဆာမှ အသက်ရှည်နေထိုင်နိ်ုင်ဖို့ အခန်းကဏ္ဍတစ်ခုတွင် ပါဝင်နေပါသည်။

အရင်ဦးဆုံး ယုံကြည်သက်ဝင်မှု ဆိုတာဘာလဲ သိဖို့ လိုအပ်သည်။ ပြည်သူ့ ကင်ဆာကုသမှု တက္ကသိုလ်ကနေ ယုံကြည်သက်ဝင်မှုဆိုသည်ကို တစ်ဦးချင်းဆိုင်ရာ ဘဝအဓိပ္ပါယ်အပေါ် ယုံကြည်မှုဟု အဓိပ္ပါယ်ဖွင့်ဆို ထားသည်။ လူအချို့အတွက်တော့ ၎င်းသည် ဘာသာရေးဆိုင်ရာ ယုံကြည်မှု အသွင် ရှိနေနိုင်သည်။ လူအချို့အတွက်မူ ၎င်းသည် တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ သဘာဝတရားအတိုင်းနေထိုင်ကျင့်ကြံခြင်းကို ကိုယ်စားပြုနိုင်သည်။

လေ့လာမှုအနည်းငယ်အရ ယုံကြည်သက်ဝင်မှု အားကောင်းသည့် အဆင့်လေး အဆုတ်ကင်ဆာ လူနာများသည် ကင်ဆာဆေးသွင်းကုသမှုကို ပိုမိုကောင်းမွန်စွာ တုန့်ပြန်ပြီး အသက်ပိုရှည်ရှည်နေရကြောင်း တွေ့ရသည်။

 

ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များစားပြီး လေ့ကျင့်ခန်းလုပ်ပါ။
ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များစားခြင်းသည် ကျွန်ု်ပ်တို့ကျန်းမာရေးကို ပိုမိုကောင်းမွန်စေရုံသာမက ကင်ဆာပြန်ဖြစ်ပွားနှုန်းကိုလည်း လျော့ချပေးသည်။ ထို့ပြင် လေ့ကျင့်ခန်း လုပ်ခြင်းသည် အဆုတ်ကင်ဆာ ကာကွယ်ရေးတွင် ကဏ္ဍတစ်ခုမှ ပါဝင်လျက်ရှိသည်။

သို့သော် ၎င်းသည် ရောဂါရှိပြီးသား လူနာတွင်တော့ အသက်ရှည်နိုင်စွမ်းပို မြင့်မားစေသလား ဆိုတာကိုတော့ သဲသဲကွဲကွဲ မသိရှိရသေးပေ။ လေ့ကျင့်ခန်းလုပ်ခြင်းသည် အရွယ်မတိုင်ခင် သေဆုံးခြင်းကို လျော့ချပေးပြီး အသက်အရွယ်ကြောင့်ဖြစ်သော ရောဂါများကြောင့် သေဆုံးခြင်းအန္တရာယ်ကိုလည်း လျော့နည်းစေသည်။

အကယ်၍ သင်သည် အဆုတ်ကင်ဆာ ဖြစ်နေပြီဆိုလျှင် မျှော်လင့်ချက်မဲ့မသွားပါနဲ့။ ၎င်းနှင့် ပတ်သက်ပြီး လေ့လာမှုများလုပ်ပါ။ ဆေးဝါးအပြင် အခြားကုသနိုုင်သော နည်းလမ်းများကို ကြိုးစားကြည့်ပါ။ ဆရာဝန်နဲ့ ပုံမှန် စစ်ဆေးပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဘဝနေထိုင်မှုပုံစံနှင့် အကောင်းမြင်စိတ်က သင့်ကို အခြားအရာများထက် များစွာ အကူအညီပေးပါလိမ့်မည်။ 

 

"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့်ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်"